ဧရာ၀တီတိုင်းမ်
ဘိုကလေး ၊ ဇူလိုင်လ ၃ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့တွင် PDF နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ချိပ်ပိတ်ထားသည့် ဆန်စက်အတွင်းရှိ စပါးများကို စစ်ကောင်စီတပ်ဖွဲ့၀င်းများက သယ်ယူသွားကြောင်း သတင်းရရှိသည်။
ဆန်စက်အတွင်း သိုလှောင်ထားသည့် စပါး တင်း (၂၀၀၀၀) ကျော်ကို ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့၀င်များက သယ်ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
ထို ဆန်စက်ကို ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ဆန်စက်၏ ကာလတန်ဘိုးငွေမှာလည်း ကျပ်သိန်း (၃၀၀၀) ကျော်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“ဘိုကလေးနယ်ဘက်မှာ ချိတ်ပိတ်တာအများကြီးပဲ အခုဆန်စက်အပါအ၀င်နဲ့ နေအိမ်တွေရောပေါ့။ စပါးတွေလည်းအများကြီးပဲ အုပ်ချုပ်ရေးမှူး သွားပို့ထားတာ။ မနေ့ကတော့ စပါးတွေကို စက်လှေတွေ၊ သင်္ဘောတွ၊ နဲ့ စစ်တပ်လက်ပါးစေတွေ သယ်ထုတ်သွားကြတယ်” ဟု ဘိုကလေးမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကာင်စီတပ်ဖွဲ့၀င်းများ သယ်ယူသွားသည့် အဆိုပါ ဆန်စက်တွင်းရှိ စပါးအချို့သည် ကြံ့ခိုင်ရေးပါတီ၀င်များ သိုလှောင်ထားသည့် စပါးများလည်း ပါ၀င်နေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ဘိုကလေးမြို့နယ်တွင် လက်ရှိအချိန်အထိ ချိပ်ပိတ်ခံရသည့် နေအိမ်များမှာ အလုံး (၄၀) ၀န်းကျင်အထိ ရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ PDF ဟုစွပ်စွဲခံရသူများ၊ CDM ပညာရေး၀န်ထမ်းများ၏ နေအိမ်များ အများစုပါဝင်နေကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင်လည်း ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက မြို့တွင်းရှိ ဆန်စပါးကုန်သည်များနှင့် မြို့တွင်းရှိဆန်စက် (၃၀)ကျော်မှ ဆန်စပါးတန်ချိန် သိန်းချီထက်မနည်းကို တပ်ရိက္ခာဟုအကြောင်းပြ၍ စစ်ကောင်စီတပ်မှလာရောက်သိမ်းဆည်းသယ်ဆောင်သွားသည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ-ဆန်စက်အတွင်းရှိ စပါးများကို စစ်ကောင်စီတပ်သားများ သယ်ယူနေပုံ
#ဘိုကလေး #ဆန်စက်စပါး #စစ်ကောင်စီတပ်သားများသယ်ယူ #Ayeyarwaddy_Times