ဧရာဝတီတိုင်းမ်
မန္တလေး ၊ ဇူလိုင် ၄ ရက်

မန္တလေးမြို့တွင် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင် ၄ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၅ လောင်းတွေ့ရှိရပြီး အချို့အလောင်းများမှာ သွေးသောက်လည်ဆွဲတပ်၍ စွန့်ပစ်ခံထားရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ နယ်နမိတ်အတွင်း ဇွန်လ ၂၈ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ရွာရှည်လမ်းဘေးတွင် အသက် ၄၀ အရွယ် ပိုင်ရှင်မဲ့အလောင်းတစ်လောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းအနီး ကပ်ကျော်ဘုရားသွားလမ်းပေါ်၌ သွေးသောက်လည်ဆွဲပါ ဓားဒဏ်ရာဖြင့်သေဆုံးနေသော အသက် ၃၀ ဝန်းကျင် အလောင်း နှစ်လောင်း၊ ဇူလိုင် ၂ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ နဂဲကျေးရွာအနီး ရွှေစာရံ-အုန်းချောလမ်းပေါ်၌ ဒဏ်ရာများဖြင့်သေဆုံးနေသော အလောင်းတစ်လောင်း၊ ဇူလိုင် ၃ ရက်နေ့တွင် စိန်ပန်းရပ်ကွက်၊ ၉၁ လမ်းနှင့် လမ်း ၄၀ကြား ဝါဆိုကျောင်းရှေ့တွင် အိမ်ရာမဲ့ဟု ယူဆရသော ဒဏ်ရာမရှိဘဲသေဆုံးနေသည့် အလောင်းတစ်လောင်းတို့ကို တွေ့ရှိရကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောာင်စီထောက်ခံသူများ ၊ ပျူများနှင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရတိုင်းတွင် စစ်ကောင်စီထောက်ခံသူများသည် လက်နက်မဲ့အရပ်သားများနှင့် NLD ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်ပြီး သွေးသောက်တံဆိပ်ပါလည်ဆွဲတပ်၍ အလောင်းများစွန့်ပစ်လေ့ရှိသည်ဟု မန္တလေး မြို့ခံအချို့က ပြောသည်။

“ကျွန်းလုံးဥသျှောင်က ရာအိမ်မှူးသားအဖ ပစ်ခတ်ခံရလို့ ရာအိမ်မှူးသေပြီး ရက်ပိုင်းမှာပဲ ရှမ်းကလေးကျွန်းနားမှာ သွေးသောက်တံဆိပ်နဲ့ အလောင်း နှစ် လောင်းတွေ့တာက တိုက်ဆိုင်တာ မဟုတ်နိုင်ဘူး။ စကစဘက်က လက်တုံ့ပြန်တာပါပဲ” ဟု ပိုင်ရှင်မဲ့အလောင်းများတွေ့ရခြင်းနှင့်ပတ်သက်၍ မန္တလေးမြို့ခံတဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

မန္တလေးမြို့တွင် တစ်ပတ်အတွင်းတွေ့ရှိရသော ပိုင်ရှင်မဲ့အလောင်း ငါး လောင်း၏ အသေးစိတ် အချက်အလက်များ မသိရှိရသေးဘဲ မန္တလေးမြို့တွင် စစ်ကောင်စီဖန်တီးထားသည့် သွေးသောက်အဖွဲ့ ပေါ်လာပြီးနောက်ပိုင်း ၎င်းအဖွဲ့က သတ်ဖြတ်ခဲ့သော အပြစ်မဲ့အရပ်သားဦးရေမှာ ဆယ်ဂဏန်းရှိနေပြီဖြစ်သည်။

ပုံ – ရှမ်းကလေးကျွန်းအနီး ဓားဒဏ်ရာဖြင့် သေဆုံးနေသော သွေးသောက်လည်ဆွဲတပ် အလောင်း

#မန္တလေး #တစ်ပတ်အတွင်း #ပိုင်ရှင်မဲ့အလောင်း၅လောင်းတွေ့ #အချို့အလောင်းများ #သွေးသောက်လည်ဆွဲတပ်၍ စွန့်ပစ် #Ayeyarwaddy_Times