ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင်လ ၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မောရဝတီရေ တပ်ဌာနချုပ်မှ လက်နက်အပြည့်စုံဖြင့် ထွက်ပြေးလာသည့် တပ်စုတစ်စုစာ စစ်ကောင်စီ တပ်သား ၂၇ ဦးသည် ယနေ့ ဇူလိုင်လ ၄ ရက်နေ့က လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။
လက်နက်အပြည့်စုံနှင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားသော စစ်ကောင်စီတပ် သား ၂၇ ဦးတွင် အရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ် နှင့် အခြားအဆင့် ရဲဘော်များ ပါဝင်ကြောင်း သိရသည်။
“လက်နက်အပြည့်စုံနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၇ ဦးစလုံး လွတ်မြောက် နယ်မြေကိုရောက်ရှိသွားပါပြီ။ တစ်ပတ်အတွင်းမှာ လွတ်မြောက်နယ်မြေကို ၃၉ ဦး အထိ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ အားလုံးလည်း အန္တရာယ်ကင်းကြပါတယ်။ အခုတော့ သူတို့ တွေ လွတ်မြောက်နယ်မြေမှာ စိတ်ချမ်းသာစွာနဲ့ နေနေကြပါပြီ။ အခုမှပဲ သူတို့တွေ လွတ်လပ်သွားတယ်လို့ ပြောတယ်” ဟု ပို့ဆောင်ရာတွင်ပါဝင်သည့် တာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ရေတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သား ၂၇ ဦးသည် ညဖက် ကားသုံးစီးဖြင့် ကင်းလှည့်ရာမှ ဇူလိုင်လ ၃ ရက် နံနက် ၁ နာရီခန့်တွင် လမ်းပိုင်းတစ်နေရာ၌ အဆိုပါစစ်ကားများကို ထားကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နံနက်အစောပိုင်းကလည်း လက်နက်အပြည့်စုံဖြင့် စစ်ကောင်စီ တပ်ကိုစွန့်ခွာ ထွက်ပြေးလာသည့် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သား ၁၂ ဦး ကို လွတ်မြောက် နယ်မြေသို့ပို့ဆောင်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် ကံပေါက်ဒေသ မောရဝတီ ရေတပ်ဌာနချုပ်တွင် စစ်ကောင်စီတပ်ကိုစွန့်ခွာ၍ တစ်ပတ်အတွင်း ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၃၉ ဦး အထိရှိလာပြီ ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ၊မောရဝတီ ရေတပ်ဌာနချုပ်(ပုံဟောင်း)
#တနင်္သာရီတိုင်း #ရေဖြူမြို့ #မောရဝတီရေတပ်စခန်း #လက်နက်အပြည့်စုံ #စစ်ကောင်စီတပ်သား၂၇ဦး #လွတ်မြောက်နယ်မြေရောက်ရှိ #Ayeyarwaddy_Times