ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၄ ရက်
တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ် -ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးကို နယ်မြေစိုးမိုး ထိန်းချုပ် နိုင်ရေးအတွက် ထားဝယ် အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက် နေ့က ထားဝယ် -ရန်ကုန် ကားလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီတပ်သားများ၏ အသွားအလာများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” ကျနော်တို့က နယ်မြေစိုးမိုးရေး ကို အဓိကဆောင်ရွက်နေပါတယ်။အမှတ် ၈ လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို အဓိကဖြတ်တောက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေပါတယ်”ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထားဝယ်အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် ခရီးသွားပြည်သူလူထုများ အနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးကြရန်နှင့် ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် ခရီးသွားပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ထားဝယ်အခြေစိုက် PDF ပူးပေါင်းတပ်များက ပြောဆိုထားသည်။
ထားဝယ်-ရန်ကုန်ကားလမ်းမပေါ် ရှိ နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ဆေးမှုများကို ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1)၊ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်(DNLA) အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊TPLF
#ရန်ကုန်ထားဝယ် #ပြည်ထောင်စုကားလမ်းမ #နယ်မြေစိုးမိုး #ထားဝယ်PDF #ပူးပေါင်းကြိုးပမ်း #Ayeyarwaddy_Times