ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဇူလိုင် ၄ ရက်

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိ သီမစ်လွင်ပြင်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် ၃ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိကြောင်းသိရသည်။

သီမစ်လွင်ပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် ဟားခါးမြို့မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)မှ တပ်ဖွဲ့ဝင် တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)တို့မှ တပ်စုမှူးဆလိုင်းဘွေလျန်းထန်တို့ ကျဆုံးသွားကြောင်းသိရသည်။

နှစ်ဖက်အနီးကပ်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

သီမစ်လွင်ပြင်တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့အသီးသီးကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိအချိန်အထိ ဆက်သွယ်မရနိုင်ပါ။

သီမြစ်လွင်ပြင်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်၍ တစ်လကျော်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် နှစ်ပတ်ခန့်နှစ်ဖက်စစ်ရေးအခြေအနေတင်းမာခဲ့ရာမှ ယနေ့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကလည်း ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် သေနတ်ပစ်ခတ် သံများထွက်ပေါ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ -ချင်းဂျာနယ် အညွှန်း- ကျဆုံးသွားသော CDF-ဇိုဖေမှ တပ်စုမှူးဆလိုင်းဘွေလျန်းထန်
#ဟားခါး #ထန်တလန် #သီမစ်လွင်ပြင်တိုက်ပွဲ #ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် #၂ဦးကျဆုံး #Ayeyarwaddy_Times