ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဇူလိုင်လ ၄ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာကို ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို သုံး ကြိမ်တိုင် ပြုလုပ်ခဲ့ကြောင်း Demawso PDF-1102 ထံကသိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ဘေးရှောင်စခန်းနေရာသို့ နံနက် ၂ နာရီဝန်းကျင်တွင် နှစ် ကြိမ်၊ နံနက် ၄ နာရီဝန်းကျင်တွင်တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်စခန်းရှိ ‌၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိဘ နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“အခု လေယာဉ်နဲ့ဗုံးလာကြဲတဲ့နေရာက တိုက်ပွဲတစ်ခါမှ မဖြစ်တာပါ။ စစ်ကောင်စီ က တမင်ရည်ရွယ်ပြီးလာပစ်တယ်လို့ ယူဆရတယ်။ ဘာလို့လည်းဆိုတော့ ကရင်နီဖက်မှာ သူတို့တွေ အရှုံးကြီး ရှုံးနေလို့ ပြည်သူဖက်ကို လာထိတယ်လို့ ထင်မြင်ယူဆရပါတယ်။ ဗုံးကြဲရင်လည်း အချိန်အများစုက ပြည်သူတွေ အိပ်မောကျနေတဲ့အချိန်ကို ကြဲချတာများ တယ်” ဟု Demawso PDF-1102 တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရပြီး ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနေသည့် စာသင် ကျောင်း အပါအဝင် စစ်ရှောင်ပြည်သူများနေထိုင်ရာ တဲအချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကရင်နီဒေသ တိုက်ပွဲများအတွင်း အထိနာမှုများကြောင့် လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေပြီး ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း ဖားဆောင်းမြို့နယ်တစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အမျိုးသားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Demawso PDF(1102)
#ကရင်နီ #ဒီးမော့ဆို #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက် #စစ်ရှောင်စခန်း #Ayeyarwaddy_Times