ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဇူလိုင်လ ၁၅ ရက်

တနသာ်ရီတိုင်း၊ ထားဝယ်မြို့ အကျဥ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဥ်းသား ၃ ဦးနဲ့ အချုပ်သား ၇ ဦးကို ရေချိုးနောက်ကျတယ်ဟုဆိုကာ အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်များနှင့်ဝန်ထမ်းများက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူအချို့ထံက သိရပါတယ်။

ပုဒ်မ(၅၀၅) ၂ နှစ် ကျနေတဲ့ အသက် ၂၀ ကျော်အရွယ်မျိုးသား နှစ်ဦး၊ ၅၀၅-က/၁၉(စ)ပုဒ်မတို့ဖြင့်ထောင်(၃)နှစ်ကျနေတဲ့ လူငယ်အမျိုးသားတစ်ဦးနဲ့ အချုပ်သား ၇ ဦးကို ထောင်အရာရှိ အမှတ် (၃)အိမ် အဆောင်မှူး အောင်ဇော်ထက် ဆိုသူက ဦးဆောင်ပြီး ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တာလို့ ထားဝယ်အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

“မနေ့က ဇူလိုင် ၁၄ ရက်ညနေ ၅ နာရီထောင်ပိတ်ချိန်မှာရေချိုးရန်နောက်ကျလို့ဆိုပီး ဝိုင်းရိုက်ကြတာ။ သက်သက်အနိုင်ကျင့်ကြတာပါ။ နိုင်ငံရေးအကျဥ်းသား ၃ ဦးရယ် အချုပ်သား ၇ ဦးရယ် မျက်နှာတွေလဲ ဖူးရောင်နေတယ်။ ဆေးကုပေးလား မပေးဘူးလားဆိုတာတော့ အခုအချိန်ထိမသိရပါဘူး။ နောက်ဆက်တွဲဘာတွေထပ်ဖြစ်လဲဆိုတာတော့ထပ်ပြီးမသိရသေးဘူး” လို့ ထားဝယ် အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ထားဝယ်အကျဥ်းထောင်က မူးယစ်ပုဒ်မနဲ့ ထောင်နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရတဲ့ အသက် ၅၀ နှစ် အရွယ် အမျိုးသားတစ်ဦးကိုလည်း ထောင်အရာရှိများနဲ့ ထောင်ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ကာ တိုက်ပိတ်ခဲ့ပါသေးတယ်။

အလားတူ ဇွန်လအတွင်းမှာလည်း စိတ်ရောဂါသည် အကျဥ်းသားတစ်ဦးက ထောင်ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက်ပြုလုပ်တယ်ဟုဆိုကာ ထောက်အရာရှိများနှင့်ဝန်ထမ်းများက အဆိုပါအကျဥ်းသားကို ဦးခေါင်းကွဲတဲ့အထိ ရိုက်နှက်ကာ တိုက်ပိတ်ချုပ်နှောင်ခဲ့သေးတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူအချို့ထံမှ သိရပါတယ်။

လက်ရှိမှာ ထားဝယ်ထောင်ရှိ ထောင်အရာရှိများနှင့်ဝန်ထမ်းများက နိုင်ငံရေးအကျဥ်းသားများကို လုပ်အားပေးခေါင်းစဥ်တပ်ပြီး အတင်းအဓမ္မအလုပ်စေခိုင်းမှုများ၊ ငွေကြေးတောင်းခံမှုများ၊ ရိုင်းစိုင်းစွာဆဲဆိုမှုများပြုလုပ်လျက်ရှိနေတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတဦးထံကသိရပါတယ်။