ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
KNU တပ်မဟာ ၆ နယ်မြေအတွင်းလှုပ်ရှားနေသည့် ကော်ဘရာစစ်ကြောင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင် စီတပ်မှ ဒု-တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါလေကားလမ်းမ သုံးထပ်ကွေ့နှင့်သရက်တပင်ရွာအကြားနေရာတွင် စစ်ကောင်စီစစ်ကြောင်းကိုကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအဆင့်များအပါအဝင်ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ကော်ဘရာ၏ထုတ်ပြန်ချက်နှင့် စစ်ဘက်သတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၄၄ လက် အောက်ခံ ဘီးလင်းမြို့အခြေစိုက် ခလရ ၈ နှင့် သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ဒဏ်ရာရာ စစ်ကောင်စီတပ်သားများကို ပြန်လည်ပို့ ဆောင်ရန်ထွက်ခွာလာရာတွင် ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်ခံရခြင်းဖြစ်ကာ ခမရ ၂၀၇ မှစစ်ကြောင်းမှူး ဗိုလ်မှူး ၁ ဦးနှင့်ဗိုလ်ကြီး ၁ ဦး၊ ခလရ ၈ မှ ဗိုလ်ကြီး ၁ ဦးအပါအဝင်စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း တပ်မ ၄၄ နှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံကသိရသည်။
စစ်ကောင်စီတပ်မှ သေဆုံးသူများမှာ သိမ်ဇရပ် ခမရ ၂၀၇ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သုတထွဋ်၊ တပ်ခွဲမှူး ကြည်း ၆၃၉၃၄ ဗိုလ်ကြီး ကျော်မျိုးအောင်နှင့် ခွဲတပ် ကြပ်ကြီးအဆင့်မှ တပ်သားအဆင့်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၇ ဦးဖြစ်သည်ဟုဆိုသည်။
ထို့အပြင် ဘီးလင်း ခလရ ၈ မှ တပ်ခွဲမှူး ကြည်း ၇၀၃၂၄ ဗိုလ်ကြီး သော်ဇင်မျိုးလည်း အဆိုပါတိုက်ပွဲအတွင်း သေ ဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်းသိရသည်။
” အဲ့ဒီစစ်ကြောင်းက ခလရ ၈ နဲ့ ခမရ ၂၀၇ ပူးပေါင်းစစ် ကြောင်းပေါ့။ တိုက်ပွဲမဖြစ်ခင် နဂိုထဲက ဒဏ်ရာရနေတဲ့ ၆ ယောက်လောက်ကို ဆေးကုဖို့ပြန်ပို့တာ။ အဲ့ဒီမှာကြားဖြတ်တိုက်ခံရတာ။သေတာက ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၂ ယောက်အပါနဲ့ ၇ ယောက်လောက်သေတယ်။ RPG မှန်တာများတယ်။ ဗိုလ်မှူးကိုတော့အပျောက်စာရင်း ထဲမှာထည့်ထားတယ်၊ DB မတွေ့ရသေးလို့ အသေမပြသေးတာပေါ့။ဒဏ်ရာရတာနဲ့ဆိုထိခိုက်မှုနဲ့ပျောက်ဆုံးနေတာနဲ့ဆို အားလုံး ၁၅ ယောက်ဝန်း ကျင်ရှိတယ်” ဟု တပ်မ ၄၄ နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူး၊ ဗိုလ်ကြီးများနှင့်စစ်ကောင်စီတပ်သားများသည် အိမ်ထောင်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး လူပျို ၂ ဦးသာပါဝင်သည်ဟု ၄င်းကဆက်လက်ပြောသည်။
ကော်ဘရာစစ်ကြောင်း၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ အဆိုပါတိုက်ပွဲအတွင်း မိတ်ကပ်ဘူး ၂ ဘူးအပါ အဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ထားသည်။