ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းဘက်မှ ချင်းတွင်းမြစ်ကြောင်း အတိုင်းဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်များကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် Chindwin Attack Forceနှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား အများအပြားလိုက်ပါကာ အမြင့်မြို့ဟောင်းဘက်က ထွက်လာသည့် Speed boat နှင့် ဖလက်ခွန် စက်လှေကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် စစ်ကောင်စီ တပ်သားထိခိုက်သေဆုံးမှုကို သိရှိရခြင်းမရှိကြောင်း Chindwin Attack Force ကဆိုသည်။
“စစ်ကောင်စီတပ်သားတွေက ရေကြောင်းဆန်တတ် လာတယ်။ အဲ့ဒါကို ကျွန်တော်တို့ အနေနဲ့ မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ လှေနှစ်စင်းမှာတော့အင်အားများတယ်။ ဟိုပို့ဒီပို့ လုပ်ပြီး တပ်သားတွေဖလှယ်ဖို့ ထွက်လာကြတာ” ဟု Chindwin Attack Force တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောင်းတိုက်ကြီးများ၊ လက်နက်ငယ် များဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ စက်သေနတ်များ၊ လက်နက်ကြီးများ ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံစွာဖြင့် ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း၂၊ ၃၊ ၄၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ Chindwin Attack Force တပ်ရင်း – ၄ တပ်ခွဲ – ၄ 5/TEACHERS PEOPLE DEFENSE FORCE PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Chindwin Attack Forceနှင့် ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က မုံရွာမြို့ ကညနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Chindwin Attack Force
#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #အမြင့်မြို့ဟောင်း #စစ်ကောင်စီတပ် #လှေ #တိုက်ခိုက်ခံရ #Ayeyarwaddy_Times