ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
လက်ရှိဖြစ်ပွားနေသောကုန်ဈေးနှုန်းကြီးမှုကိုလျှော့ချနိုင်ရေးအပါအဝင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတက်ရေးအတွက် နိုင်ငံခြားသွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိအားပေး မှာကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ဖိအားပေးမှာကြားခဲ့ခြင်း ဖြစ်သည်။
“ ပြည်တွင်းလိုငွေပြမှုနဲ့နိုင်ငံခြားငွေလိုငွေပြမှုတွေကို လျှော့ချနိုင်ဖို့ ပြည်ပမှဝယ်ယူသုံး စွဲခြင်းထက် ပြည်တွင်းဖြစ် ထုတ်ကုန်တွေကိုအသုံးပြုရန်လိုအပ်ပါတယ်” ဟု စစ်ခေါင်းဆောင် ပြောသည်။
နိုင်ငံခြားသွင်းကုန်တွင် စက်သုံးဆီ၊ စားသုံးဆီတင်သွင်းမှုပမာဏ များပြားပြီး နို့ထွက် ပစ္စည်းများ၊ စက္ကူများ၊ စက်ဘီး နှင့် ဆိုက်ကယ်တာယာ ကျွတ်များသန်းပေါင်းများစွာ တင်သွင်းရခြင်းအပါအဝင် ဝါနှင့် ချည်ထည်ပစ္စည်းများ တင်သွင်းမှုများပြားကြောင်း စစ်ခေါင်းဆောင်၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် သွင်းကုန်အစားထိုးလုပ်လုပ်ရေးတွင် ပြည်တွင်းစက္ကူထုတ်လုပ်ရေးလုပ်ငန်း ၊ နို့ထွက်ပစ္စည်များ ထုတ်လုပ်မှုလုပ်ငန်း ၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများနှင့် ချည်ထည် ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန် လိုပြီး သွင်းကုန် အစားထိုးထုတ်လုပ်ရာတွင် စက္ကူ၊ရော်ဘာပစ္စည်း နို့ထွက်ပစ္စည်း ချည်ထည်ပစ္စည်းတို့ကို ပြည်တွင်းတတ်နိုင်သမျှ ထုတ်လုပ်နိုင်ရမည်ဟု ၎င်းက ဆိုသည်။
၂၀၂၂ – ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးရာတွင် (ဆီအုန်းမပါ) စိုက်ပျိုးဧက ရှစ်သိန်းစိုက်ပျိုးပြီး မြေပဲနှင့် နှမ်းများကိုပြည်ပတင်ပို့ခြင်းမရှိဘဲ ပြည်တွင်းဆီထုတ်လုပ်မှု အတွက်သာအသုံးပြု၍ နိုင်ငံ၏ဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ သန်းရာခိုင် နှုန်းရှိသည်။ ဆီထွက်သီးနှံများအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်ပြင်ပမှ ဒေါ်လာသန်း ၆၀၀ ဖိုး တင်သွင်းနေရသည့်ဆီတင်သွင်းမှုလျော့ချနိုင်မည်ဟု စစ်ခေါင်းဆောင်က ပြောကြားသည်။
“ကျွန်မတို့ဘက်မှာက မြေပဲ၊ နှမ်းစိုက်တယ်။ နှမ်းနက်လည်းစိုက်တယ်။ နှမ်းနက်က နိုင်ငံခြားကဝယ်တယ်။ နှမ်းက ဆီထုတ်ဖို့အထိမစိုက်နိုင်ကြဘူးး။ နှမ်းဆီ ကရှားတယ်။ အိမ်သုံးလောက်ပဲထုတ်နိုင်တာ။ နှမ်းစေ့တိုင်းပဲရောင်းတယ်။ တို့ရွာတွေမှာတော့ ရွာမှာထွက်တဲ့ ပဲဆီကို ရောင်းပြီးတော့ ဈေးနည်းတဲ့ စားအုန်းဆီပြန်ဝယ်သုံးရတာပဲ” ဟု ရေနံချောင်းမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လယ်ယာစိုက်ပျိုးရေးတွင် မြေကိုအကျိုးရှိစွာအသုံးချပြီး လယ်ယာကဏ္ဍာမှ GDP ပါဝင်မှုအချိုး တိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိလယ်တစ်ဧက ပျမ်းမျှ ၇၅ တင်းထွက်ရှိရာကနေ စပါးတင်း ၁၀၀ နှုန်းထွက်ရှိရန် လုပ်ဆောင်ရမည်ဟု စစ်ခေါင်းဆောင်က ဆိုထားပြန်သည်။
“တစ်ဧက စပါးတင်း ၁၀၀ ထွက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အောင်မြင်တဲ့ ကျွန်တော့် စပါးခင်းတောင် စပါးတင်းတစ်ရာမထွက်ပါဘူး။ ကျွန်တော့်စပါးခင်းက ၉၀ ခိုင်နှုန်းပဲ ထွက်ခဲ့ပါတယ်။ ဘယ်လောက်အောင်မြင်တဲ့ စပါးခင်းဖြစ်ဖြစ် တစ်ရာ ရာခိုင်နှုန်း မထွက်ပါဘူး” လှည်းကူးမြို့နယ်ရှိ လယ်သမားတစ်ဦးက ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ဓာတ်မြေဩဇာများ ရရှိရေးအတွက် ထိုက်သင့်သလောက် ပြည်ပမှတင်သွင်းပေးမည်ဖြစ်သော်လည်း သဘာဝမြေဩဇာများ ဇီဝမြေဩဇာများသုံးစွဲရေး အတွက် ဆောင်ရွက်ကြရန်လိုအပ်ပြီး ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်ရေးစီစဉ်နေကြောင်း စစ်ခေါင်းဆောင်ထံက သိရသည်။
ပြည်တွင်းထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကို အားပေးခြင်း မရှိသဖြင့် ပြည်ပမှတင်သွင်း နေရခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရန် လုပ်ဆောင်နိုင်မည့် လူသား အရင်းအမြစ်များပေါများလာပါက နိုင်ငံစီးပွားရေး တိုးတက် လာမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
နိုင်ငံအတွင်း ကုန်လုပ်မှုများအားနည်းပြီး ရောင်းကုန်မရှိသဖြင့် ပြည်ပပို့ကုန် အားနည်းကာ ပြည်ပကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာလိုငွေများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဘီလီယံ ကျော်နှင့် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၆၁ ဘီလီယံရှိပြီး နိုင်ငံခြားလိုငွေမျာကို ကုန်သွယ်မှုမှ ရရှိခြင်းမဟုတ်သည့် ဝင်ငွေများ (Non Trade) မှ သုံးစွဲနေရသည်ဟု စစ်ခေါင်းဆောင၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – အလုံမြို့နယ် MIP ဆိပ်ကမ်း
#လုပ်ငန်းရှင်းများ #သွင်းကုန်အစားထိုးကုန်ပစ္စည်းများ #ထုတ်လုပ်ရန် #စစ်ခေါင်းဆောင်ဖိအားပေး #Ayeyarwaddy_Times