ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇွန် ၂၀ ရက်
ချင်းပြည်နယ်၊ မင်တပ်မြို့ပေါ်ရှိ ရပ်ကွက်ပေါင်း လေးရပ်ကွက်မှလွှဲ၍ ကျန်နေရာ ဒေသ အများစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က စိုးမိုးထားနိုင်ပြီ ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံက သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ မြို့အဝင်/အထွက်ဂိတ်များကို မကြာခဏတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးမှုနှင့် ဒဏ်ရာရှိမှု များပြားလျှက်ရှိကြောင်းသိရသည်။
“မင်းတပ်မြို့ပေါ်မှာ ရပ်ကွက် လေးခုက လွဲလို့ ကျန်တဲ့ မြို့နယ်တစ်ခုလုံးကို စိုးမိုးနိုင်ပြီ။ ထိန်းချုပ်နိုင်ပြီ။ အုပ်ချုပ်ရေးလုပ်ငန်းစဉ်နဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုလည်း အပြည့်အဝဆောင်ရွက်နိုင်ပြီလို့ ပြောလို့ရတယ်။ မြို့ထဲကိုပဲ စစ်ကောင်စီက စိုးမိုး ထားနိုင်ပြီး မြို့ထဲကိုတောင်မှ သွားလာလို့ရှိရင် စစ်ကြောင်းသဘောမျိုးနဲ့ပဲ သွားလာနေတဲ့ အနေအထားရှိပါတယ်။ မကြာခင်အချိန်အတောအတွင်းမှာ ကျွန်တော်တို့ တိုက်စစ် ကြီးကို ဆင်နွှဲတော့မှာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး စစ်ရေးလှုပ်ရှားမှု တွေကတော့ ပိုပြီးတော့ ကြားလာရလိမ့်မယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့၊ အရှေ့ပြင်ရှိ စစ်ကောင်စီဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ၎င်းဂိတ်ကို ဇွန်လ ၁၃ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF(မင်းတပ်) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-CDF-မင်းတပ်
#မင်းတပ်မြို့ #ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) #စိုးမိုး #တိုက်စစ်ဆင်နွှဲမည် #Ayeyarwaddy_Times