ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့င ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့တွင် ပန်းသည်အချို့နှင့်ပန်းပန်သူ အမျိုးသမီး လေးဦးကို စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း မန္တလေးမြို့ခံ များထံကသိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ပန်းသည်အမျိုးသမီးများနှင့် ပန်းပန်သည့် အမျိုးသမီးလေး ဦးသည် မန္တလေးစီးပွားရေးဘဏ် ( ၃ ) ရှေ့မှ ဖြတ်လျှောက်လာချိန်တွင် စစ်ကောင်စီ တပ်များ နှင့်ထိပ်တိုက်တွေ့ကာ ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကဆိုရင် ပန်းဆိုင်တွေ အတော်များများကိုလည်း အတင်းပိတ်ခိုင်းတယ်။ ဘုရား ပန်းအတွက် ထွက်ဝယ်တဲ့ သူတွေတောင် စစ်တပ်(စစ်ကောင်စီတပ်)က ပြဿနာ ရှာတယ်။ ပန်းပန်တဲ့ အမျိုးသမီးတွေကိုတော့ ပြင်းပြင်း ထန်ထန်ရိုက်နှက်ပြီး ကားပေါ်တင် သွားတယ်”ဟု စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသည်ကို မြင်တွေခဲ့သည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံရသည့် ပန်းသည်အမျိုးသမီးများနှင့် ပန်းပန်သူ အမျိုးသမီး လေး ဦးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရှိသေးသလို မိသားစုနှင့်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ် ထားသော်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူအများစုက ပန်းသပိတ် ပြုလုပ်၍ မြေပြင်နှင့် လူမှုကွန်ရက်သပိတ်များကို ဆင်နွှဲခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း(၈၀)အနီးရှိ အမှတ် ( ၄ ) ရဲစခန်းကို ဇွန်လ ၁၉ ရက် ည ၈ နာရီဝန်းကျင်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးမြို့ပြပြောက်ကျား No More Dictatorship People Defence Force NMD က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-မန္တလေးမြို့
#မန္တလေးမြို့ #ပန်းသည် #ပန်းပန်သူ #အမျိုးသမီးတွေ #ရိုက်နှက်ဖမ်းဆီးခံရ #Ayeyarwaddy_Times