ဧရာဝတီတိုင်းမ်
(ရေး)၊ ဇွန်လ ၂၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ(တောင်ပိုင်း)တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းဖြစ်သူ ကိုရဲဝင်းနိုင်ကို ယနေ့ဇွန်လ ၂၀ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

ကျောက်မိချောင်းရွာတောင်ပိုင်းတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းဖြစ်သူ ပြည်သူ့စစ် ကိုရဲဝင်းနိုင်အား ၎င်း၏ နေအိမ်တွင်ပင် ရေးဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“သူက ရေးဇာတိတော့မဟုတ်ပေမယ့် ဒီမှာပဲ‌အခြေချတာကြာပြီ။ နဂိုထဲက စစ်တပ် ထောက်ခံသူတစ်ယောက်ပဲ။ ဒေသခံတွေကိုလည်း မတရားအနိုင်ကျင့်တယ်လို့သိ ရတယ်။ သေနတ်ရှိတယ်လို့သိရတယ်။ သေနတ်ကိုဘယ်မှာဖွက်ထားလည်း မသိဘူး။ ကျွန်တော်တို့ရှာတာ မတွေ့ရဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူ့စစ် အဖွဲ့ဝင်ရဲဝင်းနိုင်သည် စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်ပြီး ၎င်း၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသည့် PDF အဖွဲ့ဝင်များလည်းရှိကာ ဒေသခံများကိုလည်း မဟုတ်မမှန်သတင်း‌ပေး တိုင်ကြားခြင်းများရှိသည်ဟု ဆိုသည်။

ရေးတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်ခံရခြင်းများရှိနေပြီး စကခ-၁၉ မှလည်း ရေးမြို့နယ်ရှိ စစ်သား၊ ရဲနှင့် Non-CDM ဝန်ထမ်းများအနေဖြင့် နယ်မြေကျော်သွားလာပါက ခွင့်ပြုချက် ရမှသွားလာကြရန် လျှို့ဝှက်ညွှန်ကြားထားသည်။

ဓာတ်ပုံ – ပေးပို့
#ရေး #ပြည်သူ့စစ် #ရေးဘီလူး #ပစ်သတ်ခံရ #Ayeyarwaddy_Times