ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၂၀ ရက်

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်၏ ဖခင်ဖြစ်သူကို လောင်းလုံးမြို့နယ်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း သပိတ်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်အချိန်က လောင်းလုံးမြို့နယ် ပြင်ထိန်ကျေးရွာရှိ နေအိမ်သို့ စစ်ကားလေးစီး ဖြင့် အင်အား ၃၀ ခန့် ရောက်လာပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“အဖေကို သွားဖမ်းတဲ့ အချိန်မှာ သပိတ်အစတုန်းက ဆက်စပ်ပစ္စည်းတစ်ချို့တွေ့တယ်လို့ပြောတယ်။ပြီးတော့ အိမ်ထဲမှာလည်း မွှေနှောက်ပြီး ရှာတယ်။ပစ္စည်းအချို့ကိုဖျက်ဆီးပစ်ခဲ့တယ်။အဖေကိုလည်း ရိုက်နှက်ပြီးဖမ်းသွားတယ်”ဟု ကိုမင်းလွင်ဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။

ဖမ်းဆီးခံရသူသည် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ဦးအောင်ဖေဖြစ်ပြီး ၎င်းသည် လယ်အလုပ်ကို လုပ်ကိုင်နေသည့် လယ်သမားတစ််ဦးသာဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

ထို့ အပြင်စစ်ကောင်စီတပ်သားများသည် နေအိမ်အတွင်းရှိ ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးခဲ့သည့်အပြင် ဖုန်း နှစ်လုံး နှင့် ငွေကျပ် ရှစ်သိန်းကျော်ကိုလည်း ယူဆောင်သွားခဲ့ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။

ကိုမင်းလွင်ဦးကို ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခြင်းသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်ကြောင်း သပိတ်ကော်မတီကထုတ်ပြန်ထားသည်။

ယခုလက်ရှိ ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

ယမန် နှစ်ကလည်း ကိုမင်းလွင်ဦးရဲ့အမေကို စစ်ကောင်စီတက်က ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထားဝယ်သပိတ်ကော်မတီဦးဆောင်သူ ကိုမင်းလွင်ဦးကို ဧပြီလက ငွေကျပ် သိန်းသုံးရာနဲ့ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းပေးသူကို ဆုကြေးပေးမည်ဟု ကြေညာထားသည်။

ဓာတ်ပုံ-ကိုမင်းလွင်ဦး

#ထားဝယ် #သပိတ်ဦးဆောင်သူ #ကိုမင်းလွင်ဦးရဲ့ဖခင် #ရိုက်နှက်ဖမ်းဆီးခံရ #Ayeyarwaddy_Times