ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး ဒေသခံ ၈၀နီးပါးကို စစ်ကောင်စီနဲ့ ရဲတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့ပေါ်က လမ်းတွေမှာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်၊ မီးသတ်၊ ရဲနှင့် စစ်ကောင်စီအဖွဲ့များကသွားလာနေသူများကိုစောင့်ကြည့်ပြီး ပန်းပန် ထားသူများနဲ့ နေအိမ်တစ်ချို့ကို၀င်ရောက်စစ်ဆေးကာဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“အဓိက နှင်းဆီပန်း အနီ ပန်တဲ့လူတွေကို ဖမ်းတာ၊ နောက်ပြီး မော်ကျွန်းကပန်းပုံလေးတွေ facebook မှာတင်ပြီး ဆုတောင်းတဲ့လူတွေအိမ်တွေကို၀င်ရှာတယ်၊ ဘုရားစင်မှာနှင်းဆီပန်းတွေ့ရင်လဲဖမ်းတယ် အမျိုးသမီးအများစု အဖမ်းခံလိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူများကို မော်လမြိုင်ကျွန်းရဲစခန်းမှာ စစ်ဆေးခဲ့ပြီး ဇွန်လ ၂၀ရက်နေ့ နံနက်၉နာရီအချိန်မှာ ခံ၀န်ချက်ကို လက်မှတ်ထိုးခိုင်းပြီးပြန်လွှတ်ပေးလိုက်တယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်တဲ့ သူတွေကို စစ်ကောင်စီတပ်က ရာဇဝတ်မှုကျူးလွန်သူတွေလို့ နိုင်ငံအနှံမှာရှာဖွေဖမ်းဆီးနေတာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ တစ်ရက်ထဲမှာတင် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိခဲ့တယ်လို့ သိရပါတယ်။

#မော်ကျွန်းမြို့ #ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ #ပန်းပန်ခဲ့သည့် #ဒေသခံ၈၀ကျော် #စစ်ကောင်စီခံ၀န်ထိုးခိုင်း
#Ayeyarwaddy_Times