ဧရာဝတီတိုင်းမ်
(မွန်)၊ ဇွန်လ ၂၀ ရက်

မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်များသည် စစ်‌ရေးလှုပ်ရှားမှု အင်အားကောင်းသည့် မြို့နယ်များဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေထိန်းချုပ်နိုင်မှုများ ပိုမိုအားကောင်းလာသည့်အတွက် စစ်ကောင်စီအနေဖြင့် စိုးရိမ်မှုများရှိနေပြီး လုံခြုံရေး တင်းကျပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မကြီးတစ်လျှောက်တွင်လည်း နေရာ ၃ နေရာခွဲ၍ လမ်းလုံခြုံ ရေးကိုစစ်ဆေးခဲ့ပြီး ကားပေါ်တွင် အရပ်သားအသွင်ယူကာလိုက်ပါလာသည့် စစ်ကောင်စီ တပ်သား လေး ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“အရင်ကတည်းက ဒီလိုမျိုး အစီစဉ်ရှိပြီးသားပါ။ အခု KNLA၊ တပ်ရင်း (၂၇) တပ်ရင်းမှူး ကိုယ်တိုင် အနီးကပ်ကွပ်ကဲလာတော့ ပိုပြီးအားကောင်းလာတယ်။ ဟန်ချက်ညီလာတယ်။ နယ်မြေစိုးမိုးထားနိုင်မှုလည်း ရှိပါတယ်။ ဟိုင်းဝေးလမ်းမကြီးတလျောက်ကို အချိန်မရွေး ဝင်ထွက်နေပါတယ်” ဟု Ye Special Tasks force(YSTF) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

KNLA တပ်ရင်း(၂၇)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် သံဖြူဇရပ်မြို့နယ်၊ သက္ကောလမ်းဝမှ စတင်၍ တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်အထိ အမှတ်(၈) ကားလမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ်ထားပြီး စစ်ဆေးမှုများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် KNLA တပ်မဟာ (၁) နယ်မြေဖြစ်သည့် သထုံခရိုင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများ၊ ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာခဏ တိုက်ခိုက်နေ၍ စစ်ကောင်စီဘက်မှလည်း လမ်းများကိုဖျက်ဆီးကာ ခံစစ်အနေအထားဖြင့် ပြင်ဆင်နေကြောင်း သိရသည်။

“နယ်မြေစိုးမိုးနိုင်မှုကိုပြောရရင် သူတို့နဲ့အနီးဆုံးနေရာတွေမှာ ကျွန်တော်တို့ ရှိနေပြီ ဆိုတာပါပဲ။ သူတို့(စစ်ကောင်စီ)အနေနဲ့ လမ်းတွေဖျက်တယ်၊ တံတားတွေဖျက်တယ်၊ အဲဒါကလဲခံစစ်ပြင်ဆင်တဲ့ သဘောလည်းဖြစ်နိုင်တယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ တပ်မ(၄၄) ဌာနချုပ်ကို ရောက်ရှိနိုင်သည့်လမ်း၊ ဇီးဝန်းအမြောက်တပ် (အမတ-၃၁၄) အနီးရှိ လမ်းနှင့် ပဲခူးရိုးမသို့ ဝင်ရောက်နိုင်သည့်လမ်းများအပါအဝင် လမ်းပိုင်း ငါးခုနှင့် အထက်ကို မြေတူး စက်များဖြင့်လိုက်လံတူးဖော်ဖျက်ဆီးခဲ့သည်။

“မွန်ပြည်နယ်မှာ စစ်ကောင်စီက ရဲစခန်းတွေကို လုံခြုံရေးပိုတင်းကျပ်ဖို့ဆိုပြီး မကြာသေး ခင်က ညွှန်ကြားထားတာရှိတယ်။ သူတို့တိုက်ခိုက်ခံရမှာစိုးလို့။ ပြီးတော့ မွန်ပြည်နယ် တစ်ပြည်နယ်လုံးက ရဲစခန်းအကုန်လုံးကို CCTV ကင်မရာတွေ မဖြစ်မ‌နေ တပ်ရမယ်ဆိုပြီးလည်း ညွှန်ကြားထားတာမျိုးရှိတယ်လို့လည်း သိရတယ်” ဟု စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မွန်ပြည်နယ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုများသည် မြို့များ၊ ရဲစခန်းများနှင့်ဌာနဆိုင်ရာများတွင် CCTV ကင်မရာများ တပ်ထားသော်လည်း ယခုအခါ လမ်းဆုံများ၊ ဓာတ်မီးတိုင်များ၊ ရုံးနှင့်ပတ်ဝန်းကျင်နေရာများတွင်ပါ CCTV များတပ်ဆင် လာကြောင်း သိရသည်။

ထို့ပြင် ရေးမြို့နယ်အတွင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှု များပြားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကောင်စီတပ်သား၊ ရဲနှင့် Non-CDM ဝန်ထမ်းများ အနေဖြင့် မြို့နယ်ကျော်ခရီးသွားလာရာတွင် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၉) ကိုတင်ပြပြီး ခွင့်ပြုချက်ရမှသွားလာကြရန် လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန် ထားသည်။

“ရေးမှာက ဟိုင်းဝေးလမ်းမကြီးဘေးမှာတောင် စစ်ကောင်စီက ဆွဲမိုင်းတွေထောင် ထားတာ။ စစ်ကောင်စီက ခံစစ်ပြင်ဆင်ထားတာမျိုး သိပ်မတွေ့ရပေမယ့် အင်အားကို လျော့မတွက်ပါဘူး။ ရေးမြို့နယ်အခြေစိုက်တပ်ရင်း ခလရ(၅၈၃)၊ ခလရ(၅၉၁) တပ်ရင်းတွေကတော့ ရှေ့တန်းကပြန်လာကြတာရှိတယ်” ဟု YSTF မှတာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာ ကာလအတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ ရေးမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ပိုမို အင်အားကောင်းလာပြီး ပေါင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များသည်လည်း ပြောက်ကျားစစ်ဆင်ရေးများ မကြာခဏပြုလုပ်လေ့ရှိသည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်မှ စတင်ပြီး မြိတ်မြို့နယ်အထိ အမှတ်(၈) ကားလမ်းမကြီးတစ် လျှောက်တွင်ခရီးသွား ပြည်သူများအနေဖြင့် ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူမသွားလာရန်၊ စစ်ကောင်စီနှင့်ပတ်သတ်သည့် ပစ္စည်းများမတင်ဆောင်ရန်၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးပါက ကြည်ဖြူစွာစစ်ဆေးခံရန်လည်း KNLA တပ်မဟာ (၆) ၊ တပ်ရင်း-၂၇ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မော်လမြိုင်-မြိတ်ကားလမ်းတွင် ဇွန်လ ၁၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆေးနေစဉ်

#မွန်ပြည်နယ် #တော်လှန်ရေးတပ်ဖွဲ့ #KNLA #PDF #နယ်မြေထိန်းချုပ်မှု #ပိုမိုအားကောင်း #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် #Ayeyarwaddy_Times