ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၀ ရက်

တပ်တွင်း၌ အောက်ခြေစစ်သည်နှင့် မိသားစု၀င်များ၏ ဖုန်းများကို ခေါ်ယူစစ်ဆေးပြီး စစ်တပ် ကောင်းကြောင်း ရေးထားသည့် သတင်းချန်နယ်များကိုသာ ကြည့်ရှုရန် ဖိအားပေးမှုများ ရှိကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်တွင် အောက်ခြေ အရာရှိ၊ စစ်သည်နှင့် မိသားစု၀င်များကြားတွင် ကာလကြာအနားမရခြင်း၊ ရှေ့တန်း၌သေဆုံးများနေခြင်း၊ ပြည်သူလူထုက ရွံရှာမုန်းတီးမှု များရှိနေခြင်းကြောင့် စစ်တပ် အရာရှိထိပ်ပိုင်းခေါင်းဆောင်များအပေါ် မကျေနပ်မှုများ ဂယက်ရိုက်လာသည့် အတွက် သတင်းဖုံးဖိရန် ယခုကဲ့သို့ ဖိအားပေး လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

“တပ်တွင်း(စစ်ကောင်စီတပ်)မှာ ဂယက်ရိုက်လာတာပေါ့။ အကျအဆုံး များတာတွေ၊ ရှေ့တန်းကပြန်မလာရတာတွေကြောင့် အပေါ်က စိုးရိမ်ပြီး သတင်းဖုံးတာ။ တပ်တွင်းနေ တဲ့သူတွေ အကုန်ခေါ်ပြီးဖုန်းတွေစစ်တာ။ တပ်ကောင်း ကြောင်းရေးတဲ့ သတင်းတွေ၊ ချန်နယ်တွေပဲကြည့်ကြ ဖို့ပြောတယ်။ စစ်တပ်ဝါဒဖြန့် သတင်းတွေပဲယုံကြဖို့။ သတင်းဖုံး၊ သတင်းအမှောင်ချလုပ်တာတော့ အစဉ်အဆက်လိုဖြစ်နေပြီ။ စီမံချက်နဲ့ကို တပ်တွင်း အကုန်လုပ်တာ” ဟု လုံခြုံ ရေးအရ အမည်မဖော်လိုသည့် တပ်တွင်းနေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အောက်ခြေစစ်သည်နှင့် မိသားစုများမှ ထိပ်ပိုင်းစစ်ခေါင်းဆောင်များအပေါ် မကျေနပ်မှုများရှိကာ အာဏာသိမ်းမှုအပေါ်မေးခွန်းထုတ်လာပြီး တပ်တွင်း မကြေလည်မှု များကြောင့် တိုက်ပွဲအတွင်း သေဆုံးမှုသတင်းများကို သတင်းအမှောင်ချရန် လုပ်ဆောင် နေကြောင်း သိရသည်။

တပ်တွင်းတွင် စစ်ကောင်စီတပ်သားများ အင်အားနည်းပါးနေပြီး ရှေ့တန်းရောက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနေခြင်းကြောင့် တပ်သားသစ်ခေါ်ယူ စုဆောင်းရန် ခက်ခဲနေပြီး တပ်တွင်းရှိ စစ်သည်ဇနီးများနှင့် မိသားစု၀င်အမျိုးသမီး များကိုပါ လုံခြုံရေးဂိတ်များ၊ အရာရှိအိမ်များ ကင်းစောင့်ရန် လုံခြုံရေးချခံထားခြင်း အပေါ် ထိပ်ပိုင်းခေါင်းဆောင်များကို ဆဲဆိုမှုများရှိနေ သည်ဟု သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ၂၀၂၂ ခုနှစ်အတွင်း တပ်တွင်း ခရီးစဉ်တစ်ခုတွင် အမျိုးသမီးများကို တိုက်ပွဲဝင်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားကြရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ၈ တန်းအောင်သည့် အမျိုးသမီးများကို ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နှင့် ဝန်ထမ်းတပ်တွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်ပိုင် မြဝတီ သတင်းစာမှတစ်ဆင့် ကြော်ငြာ၍ ခေါ်ယူခဲ့သည်။

ပုံစာ- တပ်တွင်းရှိ စစ်သည်မိသားစု၀င်များထံမှ ဖုန်းများ စစ်ဆေးနေစဉ်။
#စစ်ကောင်စီ #တပ်တွင်း #သတင်းဖုံးဖိ #အမှောင်ချ #ဖိအားပေး #Ayeyarwaddy_Times