ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရမှာဖြစ်ပြီး သက်ဆိုင်သူတစ်ဉီးတည်းနဲ့သာ ထိတွေ့ဆက်ဆံတာဟာ ငြိမ်းချမ်းရေးကို မထောက်ကူစေဘူးလို့ အင်ဒိုနီးရှားနိုင်ငံ က ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဌတာဝန် စတင်ယူကတည်းက မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခဲ့တယ်လို့ အင်ဒိုနီးရှားဝန်ကြီး ငူရာဆွာဂျာယာက ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ မီဒီ ယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံဟာ ၅ လအတွင်း စစ်ကောင်စီနဲ့ NUG အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ၇၅ ကြိမ်ကျော် ထိတွေ့ဆက်ဆံခဲ့တယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ ထိုင်းအိမ်စောင့်အစိုးရက ကြေညာ ပြီးနောက် သူက အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပမှုနဲ့ပတ်သက်လို့ အုပ်စုတစ်ခုတည်းနဲ့ ထိ တွေ့ဆက်ဆံတာဟာ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မကိုက်ညီဘူးလို့ သူက ဆိုပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏသိမ်းမှုအတွင်း ဒီမိုကရေစီ ရွေးကောက်ခံအစိုးရကို ဖြုတ်ချ ပြီးနောက်ကစဉ့်ကလျားဖြစ်နေတဲ့ မြန်မာ့အရေး အခြေအနေတိုးတက်လာဖို့ အကောင်းဆုံး ကြိုးပမ်းဖို့ အာဆီယံ ဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက သံန္နိဌာန်ချထားပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပတာဟာ စစ်ကောင်စီကို တရားဝင်မှုရရှိစေ ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မကိုက်ညီဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
မြန်မာ့အခြေအနေ တိုးတက်လာဖို့ အင်ဒိုနီးရှားနိုင်ငံက ဆက်လက်ကြိုးပမ်းနေပေမယ့် တစ်သမတ်တည်း ဖြစ်သော မူဝါဒဖြစ်ဖို့ အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်တို့ မြန်မာ့အရေး ဖြေရှင်းရာမှာ တိုးတက် အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – The Straits Times
Ref; Engaging just one stakeholder not part of Asean’s Myanmar peace plans, says Indonesia