ဧရာဝတီတိုင်းမ်
ရမည်းသင်း၊ ဇွန်လ ၂၀ ရက်

ရမည်းသင်းထောင်သို့ ထောင်ဝင်စာသွားပို့သည့် နိုင်ငံရေး အကျဥ်းသားမိသားစုဝင်များကို ပန်းပန်သည်ဟု ဆိုကာ ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးအမှုဖွင့် ထားကြောင်း မိသားစုနှင့် နီးစပ်သူများထံက သတင်းရရှိသည်။

ဇွန်လ ၁၉ ရက်နေ့က ရမည်းသင်းထောင်သို့ ထောင်ဝင်စာ သွားဖို့သည့် နေပြည်တော်မှ အမျိုးသမီး နှစ်ဦးနှင့် ရမည်းသင်းဒေသခံ နိုင်ကျဥ်းဟောင်း တစ်ဦးတို့က ထောင်အနီး လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ စဖမ်းတာကတော့ သုံးယောက်ပေါ့ တစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး နှစ်ယောက်ကိုတော့ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်။ လာတွေ့တဲ့သူတွေကိုတောင် စစ်ပြီးဆွဲထည့်မယ်လို့ ရမည်းသင်းမြို့နယ်မှူးက ခြိမ်းခြောက်နေတယ်” ဟု ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်ဒေသခံများဖြစ်ပြီး ရမည်းသင်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် မတရားထောင်ချခံထားရသည့် ကိုနေထွဋ်ခေါင်စံနှင့် ကိုဇေယျာကျော်(ခ) ဂျာကြီး တို့ထံ မိသားစုဝင်များက ထောင်ဝင်စာသွားပို့ပြီးနောက် ရမည်းသင်းထောင်မှ နိုင်ကျဥ်းများကို ကူညီပေးနေသည့် ဒေသခံနိုင်ကျဥ်းဟောင်း ကိုသူရမောင်မောင်(ဇိုးဇိုး) နှင့် လက်ဖက်ရည်ဆိုင်တွင် စကားပြောနေစဥ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးပြီးနောက် ကိုနေထွဋ်ခေါင်စံ၏ မိခင်ကို ပြန်လွှတ်ပေးပြီး ကျန်နှစ်ဦးကို အမှုဖွင့်ခဲ့သည်။

“ ဂျာကြီးရဲ့အမျိုးသမီး မစန္ဒာမြင့်နဲ့ ဇိုးဇိုးကို အမှုဖွင့်ထားတယ်။ ဇိုးဇိုးက ၄၀၁ နဲ့ ပြန်လွှတ်ထားတဲ့သူ ဖြစ်သလို ဂျာကြီးကလည်း ထောင် ၁၂ နှစ်ကျနေတာဆိုတော့ အခုအမျိုးသမီးပါ ထပ်အဖမ်းခံရတော့ ကျန်ခဲ့တဲ့ ကလေးသုံးယောက်အတွက် တော်တော်ဒုက္ခရောက်ပြီပေါ့။ ကလေးတွေအတွက် ဝိုင်းဝန်းကူညီကြဖို့ လုပ်နေတယ်” ဟု ဖမ်းဆီးခံရသူများအရေး ကူညီနေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် မစန္ဒာမြင့်၏ အမျိုးသားသည် ပုဒ်မ ၅၀(ည) ၊ ပုဒ်မ ၅၀၅-က တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသူ ဖြစ်ကာ လက်ရှိရမည်းသင်းအကျဥ်းထောင်တွင် ရှိနေသည်။ အဆိုပါမိသားစုတွင် သားသမီး သုံးယောက်ရှိကာ အကြီးဆုံးသားသည် ကျောင်းမတက်တော့ပဲ နေစားအလုပ်လုပ်နေသူဖြစ်ကာ အငယ်နှစ်ယောက်မှာ မူလတန်း ကျောင်းသားတစ်ယောက်နှင့် အလယ်တန်းကျောင်းသူ တစ်ယောက်တို့ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံ နောက်တစ်ဦးဖြစ်သည့် ကိုသူရမောင်မောင်(ခ) ဇိုးဇိုးသည် နွေဦး တော်လှန်ရေးတွင် ၅၀၅-က ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က လွတ်ငြိမ်းဖြင့် လွတ်လာသူဖြစ်သည်။ ရမည်းသင်းအကျဥ်းထောင်မှ နိုင်ကျဥ်းများကို ကူညီပေးနေသူဖြစ်ကာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ပြစ်မှုကြွေးကျန်ပါ ပေါင်း၍ ကျခံရမည်ဆိုသည့် ကျင့် ၄၀၁ ဖြင့် စစ်ကောင်စီက လွှတ်ပေးထားသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပန်းသပိတ်ပြုလုပ်ခဲ့ပြီး အဆိုပါပန်းသပိတ်ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ တစ်ရာဝန်းကျင်ရှိကာ အများစုမှာ အမျိုးသမီးငယ်များ ဖြစ်ကြောင်း ဧရာတတီတိုင်းမ်က စုံစမ်းသိရသည်။

#ရမည်းသင်းထောင် #ထောင်ဝင်စာ #နိုင်ငံရေးအကျဥ်းသားမိသားစု #ပုဒ်မ၅၀၅ဖြင့်ဖမ်းဆီးအမှုဖွင့် #ပန်းသပိတ်
#Ayeyarwaddy_Times