ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းကြောင်းကို ပန်းခင်းလမ်း လုပ်ပြီး ကြိုမိတဲ့ တပ်ထောက်ခံသူ ၁၂ ဦးထက် မနည်းဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ကညင်ငူကျေးရွာအုပ်စုထဲက ဒွါရစုနဲ့ ကွင်းလျား ကျေးရွာတွေကို လျှပ်စစ်မီးတပ်ဆင်ဖွင့်လှစ်တဲ့ အခမ်းအနားလာတဲ့ ဝန်ကြီးချုပ်ကို လျှောက်မယ့် လမ်းမှာ နှင်းဆီးပန်းတွေခင်းထားမိလို့ ဖမ်းဆီး စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ပန်းက အာလုံး ၂ သိန်းခွဲဖို့လောက်ရှိမယ်၊ ဝန်ကြီးချုပ်ကိုကြိုဖို့ဆိုတော့ သူတို့လည်း အဆင်ပြေအောင်လုပ်တာထင်ပါတယ်။ အဲ့တာကို ခုဖမ်းဆီးစစ်ဆေးတာခံနေရတယ်”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ ရေကြည်မြို့ဇာတိဖြစ်တာကြောင့် တပ်ထောက်ခံသူတွေဟာ ဝန်ကြီးချုပ်ကို ဖားပြီး နှင်းဆီးပန်းတွေခင်းတဲ့လမ်းလုပ်ကြိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ပြန်သွားပြီးနောက်ပိုင်းမှာ ကြိုဆိုရေး ပြုလုပ်တဲ့ တပ်ထောက်ခံသူ ၁၂ ဦးကို ဖမ်းဆီးပြီး အချုပ်ထဲထည့်ထားသလို ကျန်တဲ့သူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အဓိကတော့ ပန်းသပိတ်နဲ့ဆက်စပ်ပြီးဖမ်းတာလို့ ထင်တယ်၊ သူတို့က ပြီးတော့ အနီရောင်ကို တအားမုန်းတယ်လေ အဲ့တာကို ဒီကသူတွေက နှင်းဆီပန်းနဲ့လုပ်လိုက်တော့ ပိုဆိုးသွားတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကို မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးသေးသလို ၂ ရက်မြောက်တဲ့နေ့အထိ လည်း ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ – လျှပ်စစ်မီးဖွင့်ပွဲတစ်ခုတွင်တွေ့ရသည့် စစ်ကောင်စီခန့်ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း
#ဧရာဝတီ #ဝန်ကြီးချုပ်လမ်းကြောင်း #ပန်းခင်းလမ်းလုပ်ကြိုမိသည့် #တပ်ထောက်ခံသူဖမ်းဆီးခံရ
#Ayeyarwaddy_Times