ဧရာဝတီတိုင်းမ်
ဇွန်လ ၂၀ ရက်
စစ်တပ်က အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၅၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၂ – ၂၀၂၃ ခုနှစ် လုပ်သားအင်အားခန့်မှန်း စာရင်းအင်းများ အစီရင်ခံ စာတွင်ဖော်ပြထား၍ အလုပ်လက်မဲ့နှုန်း ၂သန်းနီးပါးရှိလာကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၆၉ ရာခိုင်နှုန်းရှိပြီး အရပ်သား အစိုးရ NLDအစိုးရသက်တမ်း ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့နှုန်း သုည ဒသမ ၁၇ ရာခိုင်နှုန်းသာရှိခဲ့သဖြင့် အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၅၂ ရာခိုင်နှုန်းမြင့် တက်လာခြင်းဖြစ်သည်။
“အလုပ်ကလည်းဘာလုပ်ရမလဲမသိဘူး။ အလုပ်ရှာနေတာအတော်ကြာပြီ။ ဒီခေတ်ထဲ ဘာလုပ်ရမလည်းကိုမသိဘူး။ ဆိုင်တစ်ခုခုဖွင့်ဖို့လည်း မရင်းရဲဘူး။ နိုင်ငံရေးမကောင်း၊ စီးပွားရေးမကောင်းနဲ့ ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာခိုင်နှုန်းအပါအဝင် ယခုနှစ်တွင် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့် အလုပ်လက်မဲ့နှုန်း အများဆုံးဖြစ်လာသည်။
အဆိုပါအလုပ်လက်မဲ့နှုန်းသည် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကကောက်ယူထားသည့် ကြားဖြတ် သန်းခေါင်စာရင်းပေါ်အခြေခံတွက်ချက်ထားခြင်း ဖြစ်ပြီး မြန်မာ့နိုင်ငံလူဦးရေ ၅၄ သန်းတွင် လူဦးရေ ၃ ဒသမ ၆၉ ရာခိုင်နှုန်း (လူဦးရေ ၁,၉၉၂,၆၀၀) နှစ်သန်း နီးပါး အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်သွားကာ လုပ်သားအင်အားလျော့ချလိုက်ခြင်း၊ စစ်တပ် အာဏာသိမ်း မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းများအပါအဝင် စီးပွားရေးကျဆင်း၍ ကုမ္ပဏီများပိတ်လိုက်ခြင်းကြောင့် အလုပ်အကိုင်အခွင့် အလမ်း နည်းပါးသွား ရခြင်းဖြစ်ကြောင်း ဖော်ပြပါအချက်အလက်များ အရသိရသည်။
ပြည်တွင်းတွင် အလုပ်အကိုင်ခွင့်လမ်းနည်းပါးလာခြင်းနည်းတူ ပြည်ပနိုင်ငံများသို့သွား ရောက်အလုပ်လုပ် ကိုင်သူများပြားလာပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပြင်ပထွက်အလုပ်လုပ်သူ ၁ ဒသမ ၃၅ ရာခိုင်နှုန်းတိုး လာကြောင်းစစ်တမ်း အရသိရသည်။
ပြင်ပနိုင်ငံများတွင် အသက်မွေးဝမ်းကြောင်းပညာရပ်များ အပါအဝင်တက်မြောက် ထားသည့်အရည်အချင်း ပညာရပ်နှင့်ညီမျှသည့် လုပ်ခရရှိခြင်းကြောင့် ပြင်ပတွင် အလုပ်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် ကိုရီးယားဘာသာစကားပြန် အဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူ လူငယ်တစ်ဦးက ပြောကြားသည်။
“မြန်မာပြည်မှာစာသင်တယ် မလုံလောက်ဘူး။ အဲဒါနဲ့ ကျွန်တော်ထွက်လာတယ်။ အခုဒီမှာ အလုပ်လုပ်တယ်။ ကျွန်တော် ဒီအလုပ်(ကိုရီးယားစကားပြန်)နဲ့ အဆင်မပြေရင်လည်း စက်ရုံပဲ လုပ်ရလုပ်ရ၊ စားပွဲထိုးပဲ လုပ်ရလုပ်ရ လုပ်မယ်။ မြန်မာပြည် ပြန်မလာ ချင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးလာသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် အလုပ်ပွဲစားများကို သိန်းနှင့်ချီပေးကာ တရားမဝင်သွားသူများလည်း နယ်စပ်တွ င်အဖမ်းခံရပြီး အကျဉ်းကျခံရသူများပြားလာကြောင်း အလုပ်သမားအရေး လှုပ်ရှားသူ များထံက သိရသည်။
အဆိုပါ ပြင်ပထွက်အလုပ်လုပ်သူများထဲတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား အများဆုံးဖြစ်ပြီး အသက် ၄၀ နှစ်မှ ၄၄ နှစ်ကြားက အနည်းဆုံးဖြစ်ကာ အမျိုးသားနှင့် အမျိုးသမီး ပြင်ပထွက်လုပ်ကိုင်သူရာခိုင်နှုန်းတွင် အမျိုးသားက ပိုများကြောင်း အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်တပ် #အာဏာသိမ်း #၃နှစ်အတွင်း #အလုပ်လက်မဲ့နှုန်း #၂သန်းနီးပါးရှိလာ #Ayeyarwaddy_Times