ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇွန်လ ၁၉ ရက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ် ( Chief of Security Division) ဖြစ်သူ ဗိုလ်မှူးဟောင်း ဦးရဲခိုင် ကို ယနေ့ည ၇ နာရီတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန် အခြေစိုက် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပစ်ခတ်ခံရသူ ဦးရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဥ် ၄၂ ဆင်း လေတပ်အရာရှိ ဗိုလ်မှူး ဟောင်း တစ်ဦးဖြစ်ပြီး စစ်တပ်၏ စီးပွားရေး ဒေါက်တိုင် Asia World ပိုင်ရှင် ဦးထွန်းမြင့်နိုင်၏ လူယုံတစ်ဦး ဖြစ်ကာ အကြမ်းဖက်စစ်တပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တပည့်ရင်း ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဦးရဲခိုင်သည် ၂၀၂၁ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း ၊ ပြည်သူဘက်ရပ်တည်သောအနုပညာရှင်များကို လေဆိပ်တွင် ဖမ်းဆီးခြင်း ၊ CDM များနှင့် ပြည်ပထွက်ခွါသူအချို့ကို စစ်တပ်လက်သို့ အပ်သည့် လုပ်ငန်းများကို ကျူးလွန်လုပ်ဆောင်သည့်အတွက် ပစ်ခတ်ရှင်းလင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
“ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေကို ကျွန်တာ်တို့ UG တွေလက်ထဲမှာ ရထားပြီ။ ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်၊ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တစ်တိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်” ဟု Urban Owls စစ်ဆင်ရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့ဖြင့် ဆက်နွယ်နေသူတို့၏ သတင်းအချက်လက်များအား အဖွဲ့ page messenger မှဖြစ်စေ၊ telegram မှဖြစ်စေ လုံခြုံစွာ သတင်းပေးပို့နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့နေ ပြည်သူလူထုအနေဖြင့် အရှိန်မြှင့်လာမည့် တော်လှန်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ထားကြရန် နှင့် တော်လှန်ရေးနှင့် လုံခြုံရေး အသိ သတိရှိကြပြီး တော်လှန်ရေးနှင့် ရဲဘော်များအား ရရာနည်းလမ်းဖြင့်ကူညီ ပံ့ပိုးသွားကြရန် လည်း Urban Owlsအဖွဲ့က တိုက်တွန်းထားသည်။
ဓာတ်ပုံ-ဦးရဲခိုင် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ပုံ
#ရန်ကုန်လေဆိပ် #လုံခြုံရေးအရာရှိချုပ် #ပစ်ခတ်ရှင်းလင်းခံရ # ဗိုလ်မှူးဟောင်း #စစ်တက္ကသိုလ်
#Ayeyarwaddy_Times