ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သာဇင်ကျေးရွာမှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၂၅ ဦးအား သတ်ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ သာဇင်၊ အိုင်းဓမ္မ၊ အင်းစရွာများမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားခဲ့ပြီး ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

“၁၃ ရက်နေ့ကတည်းကဖြစ်တဲ့ တိုက်ပွဲတွေမှာ စကစက တော်တော်အထိနာတယ်။ တော်လှန်ရေး‌အဖွဲ့တွေဘက်ကတော့ ၆ ယောက်ပဲ မစိုးရိမ်ရဒဏ်ရာတွေ ရတယ်လို့ကြားတယ်။ ပေါက်မတောင်ရွာထဲမှာကို စကစက ဒဏ်ရာရထားတဲ့သူတွေ ဆေးကုနေကြတာ မနည်းဘူး။ အဖမ်းခံထားရတဲ့ အရပ်သားတွေအခြေအနေကတော့ မသိရသေးပါဘူး။ သူတို့ကို ထပ်တိုက်ရင် အဲဒီအရပ်သားဓားစာခံတွေကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာကတော့ အမှန်ပါပဲ” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇွန်လ ၁၆ ရက်နေ့တွင် အိုင်းဓမ္မရွာသား ၄ ဦးနှင့် အင်းစရွာသား ၁ ဦးတို့ကို ပြန်လွှတ်ပေးပြီး တော်လှန်ရေးအဖွဲ့များမှ ၎င်းတို့စစ်ကြောင်းအား ထပ်မံတိုက်ခိုက်လျှင် ဖမ်းဆီးထားသည့် အရပ်သားများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် သတင်းပါ ပြောခိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ အနောက်ဘက်ခြမ်းရှိ သာဇင်ကျေးရွာနှင့် ပေါက်မတောင်ရွာအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ဇွန် ၁၃ ရက်နေ့မှစကာ ထိတွေ့မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါအဝင် အင်အား ၃၀ ခန့်သေဆုံးခဲ့သည့်အတွက် ယခုကဲ့သို့ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ အင်အားရာဂဏန်းပါ စစ်ကြောင်း ၃ ကြောင်းသည် ဆားတောင်မြို့အနောက်ဘက်ခြမ်းရှိကျေးရွာများသို့ ဇွန်လ ၁၃ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး သာဇင်၊ အိုင်းဓမ္မနှင့် ပေါက်မတောင်ရွာများရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ သာဇင်ရွာမှ အသက် ၆၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံ – ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ကသဲ (ရွှေပြည်အေး) ရွာမှ အရပ်သား ၁၉ ဦးကို ၂၀၂၁ ခုနှစ်တွင် စကစက ဖမ်းခေါ်သွားစဉ်

#စစ်ကိုင်း #သာဇင်ရွာ #လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသူများကို #သတ်ပစ်မည်ဟု #စစ်ကောင်စီခြိမ်းခြောက်

#Ayeyarwaddy_Times