ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန်လ ၁၈ ရက်)
လိင်ကျန်းမာရေးဟာ အခြေခံကျတဲ့ အချက်တစ်ခုဖြစ်သလို လိင်ပိုင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုး အကြောင်းအရာ အမျိုးမျိုးနဲ့ တင်ဆက် မျှဝေနေတာကိုလည်း တွေ့ရပါတယ်။ အရွယ်ရောက်ကာစ ဆယ်ကျော် သက်အရွယ် လူငယ်တွေအနေနဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အန္တရာယ်ကင်းတဲ့ လိင်အမူ အကျင့်တွေကို သိထားဖို့ လိုအပ်ပါတယ်။
LGBTQ ဆယ်ကျော်သက်တွေမှာ ရည်မှန်းချက်တွေ၊ စိတ်ကူးစိတ်သန်းတွေ စံပြုတန်ဖိုးတွေနဲ့အတူ ကြောက်ရွံ့စိုးရိမ်မှုတွေလည်း တူညီစွာရှိနေတတ်ပါတယ်။ အားလုံး အခွင့်အရေးတူ ရချင်ကြပါတယ်။ လွတ်လပ်သာတူ ဖေးမကူမယ့် ဘဝတွေနဲ့ ရှင်သန်လိုကြပါတယ်။
ဒါပေမယ့်လည်း ကြုံတွေ့ရတဲ့ မိသားစု အသိုင်းအဝိုင်း နဲ့ ပတ်ဝန်းကျင် ဖိအားတွေက သူတို့တွေရဲ့ စိတ်ထိခိုက်မှုသာမက ကျန်းမာရေးကိုပါ ပြဿနာတွေဘက်ကို တွန်းပို့သလို ဖြစ်တတ်ကြပါတယ်။
ရောဂါကူးစက်နိုင်တဲ့ အကာကွယ်မဲ့လိင်မှုကိစ္စများ ၊ အဖော်သစ်များစွာနဲ့ မကြာခဏ လိင်ဆက်ဆံခြင်းများနဲ့ အရက်-မူးယစ်ဆေးဝါးများသုံးပြီးသတိလက်လွတ် လိင်မှုပြုခြင်းတို့က အန္တရာယ်များတဲ့ ကျန်းမာရေးပြသနာတွေကို ဖြစ်စေပါတယ်။ အဲ့ဒီအရာတွေကို LGBTQ များသာမက အရွယ်ရောက်သူတိုင်း ဖြစ်ပွားကြုံတွေ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင်အပြန်အလှန် အာသာဖြေပေးကြခြင်း၊ ပါးစပ်အသုံးပြု လိင်ဆက်ဆံကြခြင်း၊ စအိုအသုံးပြု လိင်ဆက်ဆံကြခြင်း တို့လို အကြောင်းအရာတွေကို ရှက်စရာရွံစရာအဖြစ် လူမှုအဖွဲ့အစည်းက လက်မခံနိုင်တဲ့ အပြစ်များလို့ ယူဆနေကြဆဲပါ။
ကွန်ဒုံးစနစ်တကျအသုံးပြုတတ်ဖို့၊ လိင်မှကူးစက်တဲ့ရောဂါတွေကို သိရှိနားလည်ဖို့ အလွန်ကို လိုအပ်ပြီး အဲ့ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးပညာ ဖြန့်ဝေတာကို ယုတ်ညံ့တယ်ဆိုတဲ့ အတွေးတွေနဲ့ လိင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို လှစ်လျူရှုမထားသင့်ပါဘူး။
ပါးစပ် ၊ စအို စတာတွေနဲ့ အသုံးပြုလိင်ဆက်ဆံတဲ့အခါ ထိုးသွင်းသူ နဲ့ ထိုးသွင်းခံရသူတွေရဲ့ သဘော သဘာဝချင်းကွာခြားမှုရှိတာကြောင့် ကူးစက်နိုင်ချေတွေလည်း မတူညီကြပါဘူး။ ကုသဖို့အတွက်၊ ပညာပေးဖို့အတွက်လည်း ကွာခြားပါတယ်။ ကျန်းမာရေးဂရုစိုက်ပြီး တားဆီးလို့ရတဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ရပါမယ်။
#လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ ( sexually transmitted infections STI)
ဆယ်ကျော်သက်တွေကို မျိုးဆက်ပွားအသိပညာပေးဖို့က အရေးအကြီးဆုံးပါ။ STI ကူးစက်မှုကို အဓိကလျော့ချဖို့ ဆယ်ကျော်သက်ပညာပေးရေးကသာ မှန်ကန်တဲ့အဖြေပဲ ဖြစ်ပါတယ်။
#လိင်အင်္ဂါကြွက်နို့ (Genital warts) နှင့် Human papilloma virus (HPV)
ဒါကိုတော့ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဆိုပြီး အလွယ်တကူမှတ်လို့ရပါတယ်။ စအိုနားဝန်းကျင်၊ အမျိုးသမီး လိင်အင်္ဂါဝန်းကျင်တလျှောက်၊ အမျိုးသားလိင်တံ နေရာတွေမှာ ကြွက်နို့များ ဖြစ်စေခြင်း ၊ အမျိုးသမီးသားအိမ်ခေါင်းအတွင်း အသားပို အဖုများဖြစ်စေခြင်း တို့ကြောင့် စနစ်တကျ ကာကွယ်ထားရမယ့်ရောဂါဖြစ်ပါတယ်။
ကလေးငယ်များကို ကာကွယ် ဆေးထိုးပေးခြင်းအစီအစဉ်မှာ ယခုဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေး လည်းပါဝင်ပါတယ်။ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးဆို ပြီးလူသိများပါတယ်။ လိင်မှုကိစ္စမစတင်ခင် အပျိုစင်ဘဝမှာ ထိုးနှံထားပါက အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသားတွေလည်း ထိုးနှံထားသင့်ပါတယ်။
#ဆီးပူညောင်းကျရောဂါ ဂနိုကျရောဂါ(Gonorrhea)
နာမည်အတိုင်း ဆီးသွားရင် မီးစနဲ့ထိုးသလိုပူစပ်ပူလောင်ဖြစ်ပါမယ်။ အညောင်းလို့ခေါ်တဲ့ ပြည်များ လိင်အင်္ဂါမှတစ်စက်စက်ကျတတ်ပါတယ်။
အမျိုးသမီးတွေကူးစက်ခံရပါက ချက်ရဲ့အောက်ပိုင်းဗိုက်နာပါမယ်။ ဆီးပူဆီးကျင်ဆီး အောင့် ဆီးပြသနာတွေခံစားရပါမယ်။ ကိုယ်ပူဖျားနာခြင်း ချမ်းတုန်ခြင်း ပျို့ခြင်းအန်ခြင်း တို့ကိုခံစားရပါမယ်။
မိန်းမကိုယ်ကိုစမ်းသပ်တဲ့အခါ သားအိမ်ခေါင်းအထိနာကျင်နေပါမယ်။ ရာသီသွေးအချိန် မမှန်ဆင်းတာတွေလည်းကြုံရတတ်ပါတယ်။ ဝမ်းသွားတဲ့စအိုကိုမှာ ကူးစက်ခဲ့ရင်တော့ ရောဂါ လက္ခဏာမပြဘဲလည်းဖြစ်နိုင်သလို စအိုတစ်လျှောက်ယားယံနာကျင်တာတွေ ၊ ဝမ်းအိမ်ရောင်ရမ်းတာတွေ ၊ သွေးဝမ်းသွားတာတွေအထိပါ ဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာကူးစက်ခံရပါက ဆီးသွားစဉ် ပူလောင်ခြင်း ၊ လိင်တံထိပ်မှ ပြည်များ ထွက်ခြင်း၊ သွေးပါခြင်း၊ ဝှေးစေ့အညှာရောင်ခြင်းနှင့် ယှဉ်တွဲပြီး ကပ်ပယ်အိတ် ရောင်ရမ်းခြင်း တို့ဖြစ်တတ်ပါတယ်။ သည်ထက် ပိုဆိုးရွားပါက ဆီးကျိတ်ရောင်ရမ်းခြင်း၊ ဆီးအိမ်ရောင်ရမ်းခြင်းတို့ပါ ဖြစ်တတ်ပါတယ်။ ပူစပ်နာကျင်ခြင်းအပြင် ယားယံခြင်း ကိုလည်း ခံစားရတတ်ပါတယ်။ ပါးစပ်တစ်လျှောက် အစာရေမြိုအထိ ဂနိုပိုးကပ်ရောက် နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်မှာဂနိုပိုးရှိပြီး စနစ်တကျမကုခဲ့ပါက မွေးလာသောကလေးမှာ မွေးကင်းစ-ဂနိုရောဂါကိုခံစားရမှာပါ။
ဂနိုကျခြင်းကြောင့် အဆစ်မြစ်ရောင်ခြင်း၊ အရေပြားများထိခိုက်ပျက်စီးပြီး အရေပြား ရောဂါအသွင်ဖြစ်ခြင်း၊ မျက်လုံးထိခိုက်ခြင်း၊ နှလုံးအမြှေးပါးရောင်ရမ်းခြင်း၊ ဦးနှောက် အမှေးပါးရောင်ယမ်းခြင်းကဲ့သို့ ရောဂါအဆိုးတွေပါဖြစ်နိုင်ပါတယ်။။
#ကယ်မိုင်းဒီးယားရောဂါ(Chlamydial infections)
အဖြစ်များဆုံး တွေ့အရအများဆုံးရောဂါပါ။ ဆီးပူညောင်းကျရောဂါဖြစ်တဲ့ ဂနိုကျခြင်းနဲ့ ရောဂါလက္ခဏာတွေဆင်တူပါတယ်။ ရောဂါလက္ခဏာ မပြဘဲ ပိုးကူးစက်တာတွေ ရှိတတ်တော့ ကံဆိုးသူတွေမှာ ပြန်ပြင်လို့မရတဲ့ ကလေးမရနိုင်တာအထိ ဖြစ်သွားနိုင် ပါတယ်။ ယောက်ျားတွေလည်း ဖြစ်ပါတယ်။ အမျိုးသမီးများမှာ သားဥပြွန် ရောင်ရမ်း ခြင်းတွေပါဖြစ်စေတတ်ပါတယ်။ အသက်ငယ်ရင် သားအိမ်အဝက ကောင်းကောင်း မရင့်ကျက်သေးတော့ ပိုဖြစ်နိုင်ပါတယ်။
လိင်ကတစ်ဆင့် ကူးစက်တာကြောင့် မိန်းမကိုယ်၊ ပါးစပ်၊ စအို အားလုံးမှာ ရောဂါပိုး ရှိနိုင်ပါတယ်။ မိခင်မှ မွေးလာမဲ့ကလေးကိုလဲ ကူးစေပြီး မွေးကင်းစကလေးကို မျက်စိနဲ့အဆုပ်ထိခိုက်တာတွေဖြစ်စေပါတယ်။ ဆီးပူ ၊ ဆီးကျင် ၊ ဆီးအောင့် ၊ ဆီးမကြာခဏသွားခြင်း၊ ဆီးစပ်ကိုက်ခြင်းလို အရာတွေကနေ စဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ခါးအောက်ပိုင်း နာမယ်။ ချမ်းတုန်ဖျားမယ် ။ ပျို့ချင်မယ်။ လိင်ဆက်ဆံစဉ် နာကျင်တာကို ခံစားရမယ် ။ ကြားထဲရာသီသွေးဆင်းလာတာတွေကို ခံစားရပါမယ်။
လိင်တံထိပ် ဆီးထွက်ပေါက်မှ အရည်ဆင်းခြင်း ဆီးပူ-ဆီးအောင့်ခြင်း လိပ်တံအဖျား ပူစပ်ပူလောင်ခံစားရခြင်း၊ ဆီးကျိတ်နာခြင်း၊ ရောင်ခြင်း၊ ချမ်းတုန်ဖျားခြင်းတွေ ကြုံနိုင်သလို စအိုနဲ့ အူလမ်းကြောင်းက နာကျင်ခြင်း၊ အရည်ဆင်းခြင်း၊ သွေးဆင်းခြင်း၊ ပါးစပ်အာခေါင်တွေနာကျင်ရောင်ရမ်းခြင်းတွေကို ကြုံတွေ့ရပါမယ်။
#ကာလသားရောဂါ (Syphilis)
လိင်မှကူးစက်တဲ့ ဆစ်ဖလစ် ကာလသားရောဂါကို အားလုံးကြားဖူးနားဝရှိကြမှာပါ။ ဆစ်ဖလစ် ကာလသားရောဂါဟာ ပျောက်ကင်းဖို့စနစ်တကျ ကုသရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။
ရောဂါကူးစက်ပြီး သုံးလအတွင်းမှာ ရှန်ကာ လို့ခေါ်တဲ့ အနာကွက်တွေ လိင်တံထိပ်၊ မအင်္ဂါ၊ စအို၊ ပါးစပ်၊ လျှာ၊ လက်ချောင်းနဲ့ နို့သီးခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ အရေပြားမျက်နှာပြင်မှာ မာမာထူထူ နီနီရဲရဲ ရှန်ကာ အနာကွက်တွေဖြစ်တတ်ပြီး နာကျင် ခြင်းမရှိပါဘူး။
ဒါကို ပထမအဆင့် ကာလသားရောဂါလို့ သတ်မှတ်လို့ရပါတယ်။
ဒုတိယအဆင့်ကာလသားရောဂါက နောက် ခြောက်လခန့်အကြာမှာ အရေပြားပေါ်မှာ ယားနာခြင်းမရှိတဲ့ အကွက်တွေ အင်ပျဉ်တွေအနေနဲ့ ပေါ်လာတတ်ပါတယ်။ ရောဂါဟာ နှစ်ပေါင်းနှစ်ဆယ်လောက်အထိ မြုပ်သွားတတ်ပါတယ်။
မြုပ်နေတဲ့ ရောဂါက ခန္ဓာကိုယ်ထိခိုက်မှုကြီးကြီးမားမားအနေနဲ့ ပြန်ပေါ်လာတဲ့အခါ တတိယအဆင့်ကာလသား ရောဂါဆိုပြီး ခေါ်ဆိုနိုင်ပါတယ်။ ခန္နာကိုယ်ဟန်ချက် မထိန်း နိုင်တာ၊ ကိုယ်အနှံ့ထုံးကျဥ်နေတာ၊ ဆီးဝမ်းမထိန်းနိုင်တာ ပန်းသေပန်းညှိုးခံစားရတာ စတဲ့ အာရုံကြောရောဂါပေါင်းစုပြီး ခံစားရနိုင်ပါတယ်။ အမြင်အာရုံထိခိုက်ခြင်း အကြား အာရုံထိခိုက်ခြင်းလို တွေလည်း ကြုံတွေ့ကြရပါတယ်။
နှလုံးပင်မသွေးကြောကြီး ဖောင်းပွပြီး နံရံပါးသွားတဲ့ aortic aneurysm ရောဂါမျိုး တွေ့ကြုံတွေ့ခံစားရပါတယ်။ အခြားလိင်မှကူးစက်တဲ့ရောဂါများလိုပဲ မိခင်က မွေးကင်းစကလေးကို ကူးစက်တာတွေလည်း ရှိပါတယ်။
#ရေယုန်ရောဂါ (Herpes HSV1 , HSV2)
တံတွေးမှတစ်ဆင့် ရေယုန်ပိုး အမျိုးအစား ၁ ဖြစ်တဲ့ လိင်ကနေ ထွက်တဲ့အရည်တွေက ရေယုန်ပိုး အမျိုးအစား ၂ အဖြစ် ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါ၊ စအို၊ ပါးစပ် တွေမှာ အရည်ကြည်ဖု ရေယုန်တွေ ထွက်လာရင်လည်းစနစ်တကျ ကုသပေးရပါမယ်။
စအိုကို ပါးစပ်နဲ့ လှုံ့ဆော် လိင်ဆက်ဆံခြင်းက အူလမ်းကြောင်းရောဂါများ Enteric diseases ကပ်ပါးကောင်များ Parasites များ ပျံ့နှံ့ကူးစက်စေပါတယ်။
#ထိခိုက်ဒဏ်ရာများ(Trauma)
ပြင်းပြင်းထန်ထန်လိင်မှု ပျော်ပါးကြတဲ့အခါ ၊ ချောဆီမသုံးတဲ့အခါ၊ အခြားလိင် ဖျော်ဖြေ ပစ္စည်းတွေ မတန်မဆအသုံးပြုကြတဲ့အခါ၊ လိင်အင်္ဂါတွေ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ပွန်းပဲ့ခြင်းကအစ ပြဲကွဲ ကျိုးကြေတာတွေအထိ ဖြစ်တတ်တာကြောင့် အကြမ်းပတမ်း အချစ်ကိစ္စတွေ ဆင်ခြင်ကြစေလိုပါတယ်။
#ခုခံကျကာလသားရောဂါ (HIV , AIDS)
ကုရာနတ္ထိဆေးမရှိဆိုပြီး တချိန်ကပြောခဲ့ကြတဲ့ HIV ရောဂါကလည်း လိင်ကူးစက်ရောဂါ တစ်ခုပဲဖြစ်ပါတယ်။ လိင်တူ လိင်ကွဲဆက်ဆံခြင်းက ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ စနစ်တကျကုသမှုမခံယူခဲ့ရင် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပြီး သေဆုံးနိုင်ပါတယ်။
ယနေ့ခေတ်မှာတော့ HIV ပိုး ကူးစက်ခံထားသူ သယ်ဆောင်ထားသူတွေကို ခွဲခြားဆက်ဆံခြင်း မပြုတော့ပါဘူး။ ART ဆေးပေးပြီးကုသပေးနေပါပြီ။ မကူးစက် စေဖို့ကိုတော့ အလေးထားကာကွယ်ပြီး ရောဂါတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေကြပါတယ်။
#အန္တရာယ်ကင်းသောလိင်အမူအကျင့် (Safe Sex Behavior’s )
လိင်မှုဆက်ဆံတဲ့အခါမှာ လူတစ်ယောက်ရဲ့ရောဂါကို နောက်ထပ်လိင်ဆက်ဆံဖော် ပါတနာကို ကူးစက်ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်တားဆီးတဲ့ နည်းလမ်းလေး တွေဖြစ်ပါတယ်။
လိင်ဆက်ဆံတိုင်းအကာအကွယ် ကွန်ဒုံး စနစ်တကျ သုံးတတ်ဖို့ ၊ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ မျှဝေမသုံးစွဲကြဖို့နဲ့ ကြိုတင်ကာကွယ်လို့ရသမျှ ရောဂါတွေ ကာကွယ်ဆေး သုံးထားကြဖို့က အရေးကြပါတယ်။
ကျန်းမာတဲ့ဘဝတွေရဖို့ မျိုးဆက်ပွားကျန်းမာရေးတွေသိထားရပါမယ်။
-ယောကျာ်းသုံးကွန်ဒုံး Male Condom
-မိန်းမသုံးကွန်ဒုံး female Condom
-ပါးစပ်နဲ့လိင်ဆက်ဆံစဉ် သုံးရတဲ့ ဒန်တယ်ဒမ် (Dental Dam) စတာတွေကို အသုံးပြုကြဖို့ တိုက်တွန်းပါတယ်။
HIV ကာကွယ်တဲ့ PrEP ဆေးဝါးတွေလည်း ကြိုတင်သောက်ပြီး ကူးစက်နိုင်ချေတွေ လျော့ချထားနိုင်ပါပြီ။
LGBTQ ပဲ ဖြစ်ဖြစ် ၊ သာမန်ရိုးကျ အမျိုးသား အမျိုးသမီးပဲ ဖြစ်ဖြစ် ၊ မျိုးဆက် ပွားကျန်းမာရေးအကြောင်း သိကိုသိထားရပါမယ်။ လိင်အင်္ဂါမှာ ရောဂါတွေ ကူးစက်ခံရပြီးဆိုရင် ရှက်ရွံ့ စိုးထိတ်နေတာမျိုး မရှိဘဲကုသမှုကို အမြန်ဆုံး ခံယူကြဖို့ တိုက်တွန်းလိုပါတယ်။
လိင်မှတစ်ဆင့် ကူးစက် ရောဂါတွေနဲ့ အန္တရာယ်ကင်းတဲ့ လိင်အမူအကျင့်ကို သိရှိနားလည်ထားပါက ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်တာမို့ တိုင်းပြည်တာဝန်တွေ ထမ်းပိုးနိုင်ကြတဲ့ တာဝန်သိလူငယ်တွေဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလိုက် ပါတယ်။
နောက်လာမယ့် ရက်သတ္တပတ်မှာတော့ ဆယ်ကျော်သက်လူငယ်နဲ့ ဆေးလိပ်အန္တရာယ် အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်လို့ Ayeyarwady Times သတင်းစာမျက်နှာကို ပုံမှန်ဝင်ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လူငယ်အရွယ် #လိင်မှတစ်ဆင့်ကူးစက်ရောဂါများ #အန္တရာယ်ကင်းတဲ့လိင်အမူအကျင့်များ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)