ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လဆန်းပိုင်းကစတင်ပြီး အချုပ်ခန်းပြည့်သည်အထိ နိုင်ငံရေးနဲ့ပတ်သတ်တယ်ဆိုပြီး ဒေသခံများကို စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ညစဥ်ညတိုင်း စစ်ကောင်စီတပ်က မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဧည့်စာရင်းစစ်ဆေးတာတွေပြုလုပ်ပြီး ဖမ်းတာရှိသလို နေခင်းဘက်မှာလည်း နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျေးရွာတွေမှာလဲ စစ်သားတွေတပ်ဖြန့်ထားတယ်။ နေ့တိုင်းအဖမ်းအဆီးမရှိတဲ့နေ့မရှိဘူး။ အချုပ်ခန်းမကာလို့ လိုင်းခန်းတွေမှာ ချုပ်ထားတယ် ကြားရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ငါးသိုင်းချောင်းမြို့ရှိ အောင်ဆန်းရပ်ကွက်၊ သရက်ချောင်းကျေးရွာ၊ ဌက်ိုက်ကျေးရွာ၊ သပြေအိုင်ကျေးရွာမှာရှိတဲ့ လူငယ်တွေနဲ့ CDM ၀န်ထမ်းတွေကို အဓိကထားဖမ်းဆီးနေတာဖြစ်ပြီး မတွေ့ပါက မိသားစု၀င်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကလက်ရှိအချိန်ထိ ဒေသခံ ၃ဝကျော်လောက်ကိုဖမ်းဆီးထားပြီး ဇွန်လ ၁၇ ရက်နေ့က ရေကြည်မြို့ရဲစခန်းကို အချို့သွားရောက်ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ဌက်သိုက်ကျေးရွာမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီ တပ်က ဝင်ရောက်ဖမ်းပြီး မမိလို့ မိန်းမနဲ့ ကလေးကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ငါးသိုင်းချောင်းမြို့ #စစ်ကောင်စီ အချုပ်ခန်းပြည့်သည်အထိ #ဒေသခံများဖမ်းဆီးထား #Ayeyarwaddy_Times