နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာတွင် စစ်ကောင်စီ တပ်စခန်း အထိုင်ချရန် ကျေးရွာအုပ်စု တစ်ခုလုံးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစတင်ကာ နေ့စဉ် အကြိမ်ကြိမ် မီးတင်ရှို့၍ မြေနေရာရှင်းလင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း ညောင်ပင်ကြီး ၊ ထန်းတောကြီး ၊ နှင်းတော ကျေးရွာများကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ပြီး နန်ချွန်စက်လှေဆိပ်၊ ညောင်ပင်ကြီးစက်လှေဆိပ် နှင့် ညောင်ပင်ကြီးကျေးရွာရှိ ဒေသခံများ အဓိကထားကိုးကွယ်ရာ သိမ်တော်ကြီးဘုန်းကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ထံကသိရသည်။

“ဒီကနေ့ မနက်မှာလည်း အဆောက်အဦးတွေဆောက်လုပ်ဖို့ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ညောင်ပင်ကြီးကျေးရွာဘက်ကို သယ်လာတယ်။ ညောင်ပင်ကြီးရွာကနေ ဝမ်ပေါင်ကြေးနီစီမံကိန်းအထိ တိုက်ရိုက် လမ်းဖောက်မယ် လို့လည်းကြားတယ်။ ရွာထဲမှာလည်းဘယ်သူမှမရှိကြတော့ဘူး။ တွေ့သမျှသူတွေကိုဖမ်းပြီး မုံရွာမြို့ဘက်ကိုခေါ်သွားတာတွေရှိတယ်။ ရွာကို မီးရှို့တာ တော့ ခုနစ် ရက်လောက်ရှိပြီ။ နေ့တိုင်းရှို့နေတာ” ဟု အသက် ၃၀ ခန့်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း လုံခြုံရေး တိုးမြှင့်ထားပြီး ညောင်ပင်ကြီးကျေးရွာနှင့် ထန်းတော ကျေးရွာများတွင်လည်း အင်အားအများအပြား ချထားကာ စစ်ကောင်စီတပ်စခန်း တည်ဆောက်ရန်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဓားမဆိုင်းတပ်ရင်း (၂၈) ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ပြောကြား သည်။

#ဆားလင်းမြို့နယ် #ညောင်ပင်ကြီးကျေးရွာ #စစ်ကောင်စီတပ်စခန်း #အကြိမ်ကြိမ်မီးရှို့ #မြေနေရာရှင်းလင်း #Ayeyarwaddy_Times