ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

ဧရာဝတီ တိုင်းအတွင်းရှိအသေးစားအလတ်စား စက်မှုလုပ်ငန်းများအပေါ် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မှတ်ပုံတင်ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို စစ်ကောင်စီမှအတင်းအကြပ် ဖိအားပေး နေကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ အသေးစားအလတ်စားစက်မှုလုပ်ငန်း ၁၇၀၀ ကျော်ရှိသည့်အနက်ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း (၂၈၈)ခုအပေါ် စစ်ကောင်စီလက်အောက်ခံ တိုင်းအသေးစားအလတ်စားစက်မှုလက်မှုလု ပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းများ၌ ဖော်ပြထားသည်။

လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းမရှိပါက လုပ်ငန်းလိုင်စင်အပြီးသိမ်းဆည်းခံရမည့်အပြင် မှတ်ပုံတင်ကြေး၏ ၁၀ဆ ကိုပါလျှော်ကြေးအဖြစ် ပေးဆောင်ရန် ဖိအားပေးမှုများ ရှိနေကြောင်း လူသုံးကုန်ပစ္စည်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူဖျာပုံမြို့ခံတစ်ဦးကပြောသည်။

” လုပ်ငန်းလိုင်စင်ကြေးက အရင်ကဆို ငါးသောင်း ဝန်းကျင်ပဲရှိတာ။ အရင်အမေစုလက်ထက် ဆောင်ပြီးသားလည်း ထပ်ဆောင်ခိုင်းတာ။လိုင်စင်က နှစ် နှစ်သက်တမ်းဆိုတော့ ဒီနှစ်မှ ထပ်ဆောင်ရမှာ အဲဒါလည်းမရဘူး။အတင်းကိုဆောင်ခိုင်းတော့တာပဲ။ လိုင်စင်မတင်တဲ့သူတွေကို လုပ်ငန်းလုပ်ဆောင်ခွင့် ပိတ်မယ် လုပ်နေကြတာ “ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း အသေးစားအလတ်စားစက်မှု လက်မှုလုပ်ငန်းများမှ လုပ်ငန်း (၂၁၃)ခုကို လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ရန် ရည်မှန်းထားကြောင်း တိုင်းအသေးစားအလတ်စား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ပြောဆိုနေသော်လည်း လက်ရှိလျှပ်စစ်မီးရရှိမှုအခြေအနေ၊သယ်ယူပို့ခ ကြီးမြင့်မှု အခက်အခဲများအရ စစ်ကောင်စီ၏ ရည်မှန်းထားမှုမှာ လက်တွေ့၌မဖြစ်နိုင်ကြောင်း အိမ်သုံးပစ္စည်း လုပ်ငန်းလုပ်ကိုင်သူ ဘိုကလေးမြို့ခံတစ်ဦးကဆိုသည်။

“အခုအနေအထားကမီးကလည်းမမှန်၊ကုန်ကြမ်းပစ္စည်းရဖို့ကလည်း ကြပ်တည်းနေတာကို အတင်းကို မှတ်ပုံတင်ခိုင်းနေတာ။ မဖြစ်နိုင်တာကို အတင်းလုပ်ခိုင်းသလိုဖြစ်နေတယ်။ လျှပ်စစ်မီးကိုအပြည့်အဝမရဘူး။ သယ်ယူပို့ဆောင်စရိတ်က အရင်က ငါးသိန်းလောက်ကုန်ကျတာက အခု ဆယ်သိန်းကျော် ကျတယ်။ ဒီလိုအခြေအနေမှာ အတင်းလိုင်စင်ဆောင်ခိုင်းနေတာကလူရယ်စရာဖြစ်နေတယ်”ဟု ၄င်းကထပ်မံပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်းတွင် အသေးစားအလတ်စား စက်မှုလုပ်ငန်းများအဖြစ် ဝတ်ဆင်ရေးဆိုင်ရာလုပ်ငန်း၊ နေထိုင်မှုဆိုင်ရာလုပ်ငန်း၊လူသုံးကုန်ပစ္စည်းဆိုင်ရာလုပ်ငန်း၊အိမ်သုံးဆိုင်ရာလုပ်ငန်း၊စိုက်ပျိုးဆိုင်ရာလုပ်ငန်း၊သယ်ယူပို့ဆောင်ရေး ယာဥ်ပြင်ဆင်ရေးလုပ်ငန်းနှင့် အထွေထွေပြင်ဆင်ရေးလုပ်ငန်း စသည်တို့ကိုပြီးခဲ့သည့် ၂၀၁၈ ခုနှစ် NLD အရပ်သားအစိုးရ လက်ထက်မှစကာ မြို့နယ်ပေါင်း ၂၀ ကျော်၌ လုပ်ငန်းလိုင်စင်ငယ်များ ချပေးခဲ့သည်။

စစ်တပ်မှအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ ဧရာဝတီတိုင်း၌ အသေးစားအလတ်စားလုပ်ငန်းများ လည်ပတ်နိုင်ရန်ခက်ခဲလာခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်လာခြင်း၊ ကုန်ကြမ်းပစ္စည်းရရှိမှု ခက်ခဲလာခြင်းနှင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန်ထွ က်ခွာမှုများပြားလာမှုကြောင့် လုပ်သားရှားပါးလာပြီး ၂၀၂၂-၂၀၂၃ ခုနှစ်နောက်ပိုင်း လုပ်ငန်းရပ်ဆိုင်းမှု များလာခဲ့သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း အသေးစားအလတ်စား လုပ်ကိုင်သည့်မြို့နယ် ၁၃ မြို့နယ်သာ ကျန်ရှိတော့ပြီး လုပ်ငန်းလုပ်ကိုင်သူ ၁၀၀၀ နီးပါးသာကျန်ရှိတော့သည်။

#ဧရာဝတီ #အသေးစားစက်မှုလုပ်ငန်း #မှတ်ပုံတင် #လုပ်ငန်း #စစ်ကောင်စီ #ဖိအားပေး #Ayeyarwaddy_Times