ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်
စစ်တပ်အာဏာသိမ်းထားသောကာလအတွင်းပဋိပက္ခဒေသ ငါးခုတွင် စစ်တပ်အပါအဝင်အခြားသော လက်နက်ကိုင်တပ်များမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကာမလိမ်လည်မှုပေါင်း ၅၉ မှုရှိကြောင်း မြန်မာအမျိုးသမီးသမဂ္ဂက ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကရင်နီ(ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူရာတွင် လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှု ၃၆ မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါဝင် ကာမလိမ် လည်မှု ၂၃ မှုရှိပြဖိး နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူအမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ သုံးသပ်ချက်စာတမ်း( မြန်မာအမျိုးသမီးသမဂ္ဂ) တွင်ဖော်ပြပါရှိသည်။
အဆိုပါအမှုများထဲတွင် စစ်တပ်မှ ကျူးလွန်သောအမှုများ၊ အခြားလက်နက်ကိုင်အဖွဲ့များမှ ကျုးလွန်သော အမှုများ နှင့် အရပ်သားအချင်းချင်းကျူးလွန်သောအမှုများပါဝင်ကြောင်း ယင်းစာတမ်းတွင်ပါဝင်သည်။
အကြမ်းဖက်စစ်တပ် မကြာခဏထိုးစစ်ဆင်သောဒေသများတွင် စစ်ကောင်စီတပ်သားများက မီးဖွားပြီးစ မိခင်တစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် ကလေးသူငယ်များမှ သက်ကြီးရွယ်အိုများအထိ လိင်ပိုင်ဆိုင်ရာကျူးလွန်နေကြောင်း အစီရင်ခံစာအရ သိရသည်။
၂၀၂၂ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်ရာတွင် အိမ်စောင့်ကျန်ခဲ့သည့် အမျိုးသမီးများ မုဒိမ်းကျင့်ခံရသဖြင့် နောက်ပိုင်းစစ်ကြောင်းသံကြားပါကထွက်ပြေး တိမ်းရှောင်နေကြေကြောင်း ယင်းဒေသခံတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ရွာကိုစစ်ကြောင်းစထိုးတော့ ယောင်္ကျားလေးတွေပဲပြေးကြတာပေါ့။ ပေါ်တာစွဲခံရမှာစိုးလို့။ အမျိုးသမီးတွေက အိမ်နောက်ဘက် ပုန်းကျန်ခဲ့တာ။ အဲဒီချိန်မှာ စစ်သားတွေကအိမ်ပေါ်တက်ပြီး ပစ္စည်း တွေရှိတာယူ မိန်းမတွေကိုလည်း မုဒိမ်းကျင့်သွားတယ်။ အသက် ၆၀ ၇၀ အဖွားကြီးတွေပါတယ်။ မုဒိမ်းကျင့်ခံရ လိုက်တဲ့ကောင်မလေးတွေဆို ရွာမှာမရှိတော့ဘူး။ ဘယ်ပျောက်သွားလဲမသိဘူး” ဟု ချောင်ဦးဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် အမျိုးသမီးများလိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခံနေရကာ တရားမျှ တမှုရရှိရန် လမ်းပျောက်နေပြီး လုံခြုံငြိမ်းချမ်းသည့် လူမှုအသိုက်အဝန်းများ တဖြည်းဖြည်းပျောက်ဆုံးလာနေပြီ ဖြစ်ကြောင်း အစီရင်ခံစာတွင်ပါဝင်သည်။
#အာဏာသိမ်းကာလ #ပဋိပက္ခဒေသများ #အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ #အကြမ်းဖက်ခံရမှု #၅၉မှုရှိ
#Ayeyarwaddy_Times