ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လက်လုပ်မိုင်းတွေ့ရှိမှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးထားသူတွေထဲက ဒေသခံ ပြည်သူ ၃ ဦးကို ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း ထောင်အချုပ်ကိုပို့ဆောင်လာတယ်လို့ သိရပါတယ်။

လက်လုပ်မိုင်းတွေ့ရှိမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူတွေထဲက ကိုကရင်၊ ကိုမင်းမင်းစိုးနဲ့ အခြား အမျိုးသား ၁ ဦးတို့ကို မနက် ၁၁ နာရီကျော်လောက်မှာ ပုသိမ်အကျဉ်းထောင် အချုပ်ကို စစ်ကောင်စီ တပ်ကလာရောက်ပို့ဆောင်ခဲ့တာလို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

“ဒီမနက်လာပို့သွားတာ ၃ ယောက်၊ ဘာပုဒ်မတွေနဲ့ ဖမ်းထားတယ်ဆိုတာတော့ မသိဘူး။ ထောင်ပို့ပြီ ဆိုရင်တော့ ထောင်တွင်းရုံးထုတ်တာတွေ ဆက်လုပ်မယ်ထင်တယ်”လို့ ထောင်နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်လုပ်မိုင်းတွေ့ရှိမှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရကာ အကျဉ်းထောင်ပို့ခံရတဲ့ အမျိုးသား ၃ ဦးကို ဘာပုဒ်မတွေနဲ့ စွဲချက်တင်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ မေလ ၄ ရက်နေ့က အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ခြံဝန်းထဲက လက်လုပ်မိုင်းအလုံး ၃၈ လုံး တွေ့ရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀ ဦးကျော်လောက်ကို စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

#ပုသိမ် #လက်လုပ်မိုင်း #များဖမ်းဆီးမှု #ဖမ်းဆီးထား #၃ဦးကို ထောင်သို့ပို့ဆောင် #Ayeyarwaddy_Times