ဆောင်းပါးရှင်- နိုင်မင်းလွင်
ဧရာဝတီတိုင်းမ်၊ ဇွန်လ ၁၈ ရက်
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လမ်းမများပေါ်တွင် မိုးဦးကျ မှိုပေါက်သလို ပေါ်ထွက်လာသော အရာများကား စစ်ဆေးရေးဂိတ်များပင် ဖြစ်သည်။
စစ်တပ်က အဓိက ကြီးကြပ်ကွပ်ကဲပြီး ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များကို ခိုင်းစေကာ လုံခြုံရေးကိစ္စ စစ်ဆေးနေသည့် အဆိုပါ ဂိတ်များကို ပြည်သူလူထုက “စစ်တောင်းဂိတ်များ” ဟု အမည်ပေး ကင်ပွန်းတပ်ကြသည်။
စစ်ဆေးမှုများအပြင် ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အပြစ်ရှာ ငွေတောင်းမှုများ ပြုလုပ်နေသည်အတွက် “စစ်တောင်းဂိတ်” ဟု ခေါ်ဝေါ်လိုက်ကြခြင်းဖြစ်သည်။
“ကျွန်တော့်တုန်းက ပြည်ကနေ ရန်ကုန်ကို ကားစင်းလုံး ငှားလာတာ။ လမ်းမှာ ပေါင်းတည်က ဂိတ်မှာ ရဲက ကားသမားကို နည်းမျိုးစုံစစ်တယ်၊ ဘယ်လိုမှ အပြစ်ရှာမရတော့ ခင်ဗျားဒီလမ်းမှာ ကားမောင်းစားတာ များနေပြီ။ အဲဒီတော့ ဘော်ဒါကြေးလေး ပေးခဲ့ပါဦးဆိုပြီး ပိုက်ဆံ တောင်းလို့ ကားသမားက ၅၀၀၀ ပေးလိုက်ရတယ်”ဟု ပြည်-ရန်ကုန် ခရီးသွားခဲ့သည့် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
အလားတူ ရန်ကုန်မှ ဧရာဝတီတိုင်းသို့ လာရောက်ပါက စစ်ကောင်စီ၏ အဓိက စစ်ဆေးရေးဂိတ် သုံးဂိတ်ဖြစ်သည့် လကျာ်ကြီးဂိတ် (ရန်ကုန်-တွံတေး)၊ လှိုင်သာယာ- ထန်းတပင် ဘက်ရှိ ပန်းတိုင်ဂိတ်နှင့် မယ်စလီဂိတ် တို့ကို ဖြတ်ကျော် ရသည်။
ထိုဂိတ်များသည် စစ်ဆေးရေး အလွန်တင်းကျပ်ပြီး အခြား ကြားဖြတ် ဂိတ်များလည်း အများအပြားရှိကာ တစ်ခါတစ်လေ ဗိုလ်မြတ်ထွန်း တံတားတွင် ဂိတ်ချတတ်ကြောင်း ခရီးသွား ပြည်သူများထံက သိရသည်။
“ရှာဖွေရေးလည်း တခါတလေလုပ်တယ်။ များသော အားဖြင့်တော့ ငွေတောင်းတာက များတယ်လေ။ ကားသမားတွေကလည်း လက်ပြတာနဲ့ ပိုက်ဆံက လက်ကြားထဲ ထည့်ပြီးသား။ ပုံမှန်နှုန်းထား သတ်မှတ်ချက်တော့ မရှိဘူး။ ကြုံသလို တောင်းတာ။ ၅၀၀ ကနေ ၅၀၀၀ ကြားပဲ။ ခေတ်ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလိုလေ”ဟု အသက် ၄၀ ကျော် ခရီးသွားပြည်သူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
အဆိုပါ ဂိတ်များအနက် ပန်းတိုင်ဂိတ်သည် အဆိုးဆုံးဖြစ်ပြီး မြို့အဝင်ဂိတ်များကိုလည်း ယခင်ကထက် လုံခြုံရေး ပိုမို တိုးမြှင့်လာသည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ ရာနှင့် ချီရှိနေကြောင်းလည်း သိရသည်။
“စစ်တာကတော့ စုပေါင်းစစ်တာ။ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ မီးသတ်နဲ့ အရပ်သား သတင်းပေးတွေလေ။ အခုလက်ရှိ ဂိတ်တွေမှာ စောင့်နေတာက ရဲပဲရှိတာ၊ စစ်သားက အတုတွေ။ စစ်မှုထမ်းဟောင်းနဲ့ ပျူတွေကို ယူနီဖောင်း ဝတ်ခိုင်း၊ သေနတ်ပေးပြီး စောင့်ခိုင်းထားတာ များတယ်။ စစ်တပ်အင်အား လျော့နည်းလာလို့ စစ်မှုထမ်းဟောင်းနဲ့ သတင်းပေး ဒလန်တွေကို စစ်ဝတ်စုံဆင်ပေးပြီး လက်နက်တွေ ထုတ်ထားပေးတာ”ဟု ရဲတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် တာဝန် ပေးခံရသော ရဲတပ်ဖွဲဝင် အများစုမှာ အထက်လူကြီးများနှင့် ရင်းနှီးသူများဖြစ်ပြီး ထိုဂိတ်များတွင် ၁ နှစ်ခန့် နေခွင့်ရသူသည် ဘဝ ပြောင်းသွားသလို အဆင်ပြေ ချမ်းသာသွားကြောင်းလည်း ၎င်းက ဆိုသည်။
စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်လာမှု အပါအဝင် ဆိုးကျိုးများကို ပြည်သူလူထုနည်းတူ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများရှိ တပ်ဖွဲဝင်များနှင့် ၎င်းတို့ မိသားစုဝင် များလည်း ခံစားနေရပြီး စားဝတ်နေရေး ပိုမို ကျပ်တည်းလာကြောင်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီ တပ်ဖွဲဝင်များနှင့် ၎င်းတို့ မိသားစုဝင်များသည် ရရှိသောလစာနှင့် မလုံလောက်သောကြောင့် ပြင်ပဝင်ငွေရှာသည့် အနေဖြင့် စစ်ဆေးရေး ဂိတ်များတွင် နည်းမျိုးစုံသုံးကာ ငွေတောင်းရမ်းမှုများ ပိုမို လုပ်ဆောင်လာ သလို ရှေ့တန်း မထွက်ရရေး အတွက် ငွေပေး လာဘ်ထိုးမှုများလည်း ရှိကြောင်း စစ်ကောင်စီတပ်တွင်း အသိုင်းအဝိုင်းမှ ပြန်လည်ကြားသိရ သည်။
ရှေ့တန်း ထွက်ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေ့စဉ်လို သေဆုံး၊ ဒဏ်ရာရမှု ရှိနေသော်လည်း အာဏာ ဖီဆန်သော လက်အောက် ငယ်သားများအား ဖမ်းဆီး ထောင်ချခြင်း၊ သေဒဏ်ပေးခြင်းများကို စစ်ကောင်စီက လုပ်ဆောင်မှုများ ရှိနေသည် ဟုလည်း ဆိုသည်။
နောက်တန်းရှိ လမ်းများပေါ်က ဂိတ်များကို ကြီးကြပ်ရသည့် စစ်ကောင်စီတပ်မှ အရာရှိများမှာမူ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးများကို ဝင်ငွေ ရှာပေးရင်း အိတ်ဖောင်းနေကြကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး သုံးသောင်း (၃၀,၀၀၀) ခန့် သုတ်သင်နိုင်ခဲ့ကာ တစ်သောင်း(၁၀,၀၀၀)ကျော် ကို ထိခိုက်ဒဏ်ရာ ရရှိစေကြောင်း၊ စစ်အာဏာ သိမ်းမှုကို လက်မခံသည့် စစ်ကောင်စီတပ်မှ ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။
တောင်သူလယ်သမား အကျိုးဆောင် ဦးဇော်ရမ်းက “ဘယ်လောက်ထိ ဆိုးသလဲဆိုရင် ကျွန်တော်တို့ တပ်တွင်းက သတင်းရတာ စစ်သားတွေကို မူးယစ်ဆေးဝါးတွေနဲ့ အရက် တိုက်ပြီး ခိုင်းတယ်။ သူတို့ (စစ်ကောင်စီ) ခိုင်းတာလုပ်ရင် ပြီးရော။ သူတို့ကိုယ် သူတို့လည်း ကြိုက်သလို ကာကွယ်၊ အပေါ်က လူတွေကို မထိရင်ပြီးရော ဆိုတဲ့ အင်မတန်ကိုမှ တာဝန်မဲ့ပြီးတော့ တိုင်းပြည် ဘာဖြစ်ဖြစ်ပေါ့။ အဲဒီ အခြေအနေ ရောက်သွားတဲ့ အခါကျတော့ အောက်ခြေက စစ်သားတွေကို မထိန်းနိုင်တော့တာ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ရေး အပါအဝင် ဘက်ပေါင်းစုံ အခြေမလှ ဖြစ်နေသော အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိတွင် တပ်တွင်း ဝင်ရောက် လိုသူများ မရှိသလောက် ရှားပါးနေပြီး လက်အောက်ခံ တပ်ဖွဲ့ဝင်များ အာဏာဖိဆန်ကာ CDM ပြုလုပ် သွားမည်ကို စိုးရိမ်နေသည့် အခြေအနေကို ရောက်ရှိလာကြောင်းလည်း ဦးဇော်ရမ်းက ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များတွင် စစ်သားများက နောက်ကနေပြီး ရဲတပ်ဖွဲ့ဝင်များကို ကျွန်လိုခိုင်းစေကာ ဖြတ်သန်း သွားလာသည့် ကုန်တင်ကားများကို တစ်စီးလျှင် ငွေကျပ် ၃၀,၀၀၀ မှ ၅၀,၀၀ဝ အထိ တောင်းယူနေကြောင်း ကုန်တင်ကား မောင်းသူများက ပြောပြသည်။
“ဂိတ်တွေမှာ စစ်တပ်ဘက်ကနေပြီးတော့ ငွေတောင်းတဲ့ကိစ္စတွေ ရှိတယ်။ ဒီတစ်ခု တည်းမှ မဟုတ်ဘူး။ အဲဒါကိုလည်း သူတို့က ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ လုပ်နေကြတာပေါ့။ နောက်ပြီး တချို့အိမ်တွေကို ထောက်ပို့လုပ်တယ်၊ နိုင်ငံရေးလုပ်တယ် ဆိုပြီး ချိတ်ပိတ် ခံရတော့လည်း ပစ္စည်းတွေကို ယူတဲ့အခါမှာ နေ့ခင်း ကြောင်တောင် ယူတယ်ပေါ့နော်။ ဝိုင်းကြည့်နေတဲ့ လူတွေကြားထဲမှာမှ ငါတို့ကို ဆန့်ကျင်ရင် ဒါမျိုးခံရမယ် ဆိုပြီးတော့ အဲဒီလိုပုံစံနဲ့ လုပ်ပြတာ”ဟု ဒေါင်းမင်း စစ်ကြောင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နည်းအမျိုးမျိုးဖြင့် ငွေတောင်း ရမ်းနေသည့် အပြင် ပြည်သူပိုင် ပစ္စည်းများအား မတရား ယူနေခြင်းကို ရှက်ရမည်လား၊ ဂုဏ်ယူရမည်လား မခွဲခြားတတ်သည့် စိတ်ဓာတ်အဆင့်အတန်းများ ရှိနေကာ ၎င်းတို့ တစ်ဦး တစ်ယောက်ချင်းစီတွင် ရှိနေကြသော အသိဉာဏ် အဆင့်အတန်းကိုလည်း ဖော်ပြနေကြောင်း ဒေါင်းမင်း စစ်ကြောင်း တာဝန်ခံက ဆိုသည်။
လေ့လာစောင့်ကြည့်သူများမှတ်ချက်ပြုထားသလို ထိုကဲ့သို့ လုပ်ဆောင်၍ အဆင်ပြေ နေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် လက်ရှိ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် အထောက်အပံ့ ပြုနေသူများသာဖြစ်သည်ဟု ဆိုရပေမည်။
#ဂိတ်စောင့်ငွေတောင်း #အိတ်ဖောင်းနေသည့်အဘသားများ #သတင်းဆောင်းပါး #Ayeyarwaddy_Times