ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁၈ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ ၏ အမျိုးသားကိုယ်စားလှယ် ဦးမင်းဇော်တင့် ၏ အစ်ကို ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး နောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများ က ပြောသည်။

ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် မြိတ်မြို့အနောက်လယ်ရပ်ကွက် (၁၁) လမ်းရှိ နေအိမ်တွင် ဦးတင်သန်းဦးအား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဦးတင်သန်းဦးကို စစ်ကြောရေးမှာ စစ်မေးရင်း နှလုံး အမောဖောက်ပြီးဆုံးသွားပြီလို့ စစ်တပ်ကအကြောင်းကြားလာတယ်။သူတို့ နှိပ်စက်တာ လက်လွန်သွားတာပေါ့။ သင်္ချိုင်းမှာ မီးသဂြိုလ်ခါနီးမှ ပဲ အကြောင်းကြားလာတယ်” ဟု မိသားစုနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

သေဆုံးသူမှာ အသက် ၅၂ နှစ်ခန့်အရွယ်ရှိသူ ဦးတင်သန်းဦး ဖြစ်ပြီး PDF နှင့် အဆက်အသွယ် ရှိသူဟု ဆိုကာစွပ်စွဲဖမ်းဆီးခဲ့သော်လည်း ဦးတင်သန်းဦးသည် ရပ်ကွက်အတွင်း အနေအထိုင် အေးဆေးသူ တစ်ဦးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“စစ်တပ်က အခုလို လုပ်တာဟာ ညီဖြစ်သူ ဦးမင်းဇော်တင့် နှင့် ပတ်သက်ပြီး စစ်ကောင်စီက အငြိုးထားပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်” ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
သေဆုံးသူ ဦးတင်သန်းဦး၏ ညီဖြစ်သူ ဦးမင်းဇော်တင့် သည် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးကောက် တင်မြှောက်ခံထားရသူ တစ်ဦးလည်းဖြစ်သည်။

#မြိတ်NLDလွှတ်တော်အမတ် #အစ်ကိုဖြစ်သူ #စစ်ကြောရေးတွင် #နှိပ်စက်ခံရသေဆုံး
#Ayeyarwaddy_Times