လွင့်ခိုင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကိုတော့ သူမကိုချစ်ခင် လေးစားသူတွေဟာ ပုံစံမျိုးစုံနဲ့ နေရာမျိုးစုံမှာ မွေးနေ့ပွဲကို ကျင်းပကြပါတယ် ။ အများပြည်သူ သိအောင်လုပ်ကြတဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေ ရှိသလို လူမသိသူမသိနဲ့ သူမကိုချစ်ခင်မြတ်နိုးကြောင်း ပြသတဲ့ မွေးနေ့ပွဲတွေကလည်း ခေတ်အဆက်ဆက်ရှိခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်သူလူထုကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတဲ့ကြားကနေပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ရောက်လာပြီဆိုရင် သူမကို ချစ်ခင်လေးစားသူတွေက အခက်အခဲမျိုးစုံ ကြားက မွေးနေ့အထိမ်းအမှတ်ကိုပုံစံမျိုးစုံနဲ့ ပြုလုပ်ကြပါတယ်။ အခုပြောပြချင်တာကတော့ အကျဥ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲလေး အကြောင်းပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ကို နေပြည်တော် အချုပ်ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို ထားတဲ့ အမှတ် ၃ အိပ်ဆောင်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က နေပြည်တော်အချုပ်ထောင်ရဲ့ ဒုထောင်ပိုင်လည်းဖြစ် ထောင်မှူးကြီးလည်း ဖြစ်တဲ့ ဦးကျော်သူရဟာ နိုင်ငံရေးအကျဥ်းသားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ရှိတဲ့အချိန်မို့ တော်တော်လေး သတိထားပြီး လုပ်ခဲ့ကြရတာပါ။ သူမွေးထားတဲ့ ခိုးဆိုးနှိုက် တပြည့်တွေကလည်း နိုင်ငံရေးအကျဥ်းသားတွေ ဘာတွေလုပ်တယ်၊ ဘာတွေပြောတယ်ဆိုတာကို အမြဲတမ်း သွားတင်ပြနေတာဖြစ်လို့ သတိထားပြီး စီစဥ်ခဲ့ကြရတာပါ။

မွေးနေ့ကျင်းပကြမယ်ဆိုတော့ အကျွေးအမွေးကိစ္စ တိုင်ပင်ကြပါတယ်။ ထောင်ဝင်စာလာတဲ့အခါ အပြင်ကနေ စားစရာမှာကြမလားလို့ တိုင်ပင်ကြတော့ ၃ဆောင်မှာ ရှိတဲ့ လူ ၂၀၀ ကျော်အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူ ၂၀၀ ကျော်စာ အစားအသောက်တွေကို အပြင်ကနေ လာပို့ရင် မွေးနေ့လုပ်တယ်ဆိုတာ သိသွားပြီး ထောင်အာဏာပိုင်တွေက ပြသနာရှာနိုင်တာကြောင့် ထောင်ထဲမှာ ဖြစ်နိုင်တဲ့ အခြေအနေနဲ့ပဲ လုပ်ကြဖို့ စီစဥ်ခဲ့ကြရပါတယ်။ အကျဥ်းသားတွေရဲ့ အပ်ငွေလို့ ခေါ်တဲ့ စျေးဘားစာအုပ်တွေထဲမှာ ပိုက်ဆံရှိတဲ့သူတွေ အနေနဲ့ အလှူငွေစုထည့်ကြဖို့ပြောတဲ့အခါ အားလုံးနီးပါးက တတ်နိုင်သမျှ ထည့်ကြပါတယ်။ ပထမအစီအစဥ် ကတော့ မိန်းဂျေးကနေ ရောင်းတဲ့ ဟင်းမှာပြီး ၃ဆောင်မှာ ရှိတဲ့ ထောင်ကျတွေရော အချုပ်တွေကိုပါ အားလုံးကို တစ်ယောက်တစ်ပွဲ ပေးဖို့စီစဥ်ထားတာပါ။

ဘယ်လိုပဲ လျှို့ဝှက်လုပ်တယ်လို့ဆိုဆို ထောင်သဘာဝအတိုင်း ထောင်အုပ်ချုပ်ရေးအာဏာပိုင်တွေ သိသွားခဲ့ကြပါတယ်။ ဟင်းပွဲတွေမှာတဲ့အခါမှာတော့ ဘာအတွက်အများကြီး မှာတာလဲဆိုတဲ့ မေးခွန်းက မေးလာပါတယ်။ ဦးဆောင်သူတစ်ဦးကတော့ သူ့အမေရဲ့ မွေးနေ့မို့ အလှူလုပ်တာပါလို့ ပြောပေမယ့် မယုံကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကို ၃ဆောင်မှာ နိုင်ငံရေးသမားတွေက လုပ်ကြလိမ့်မယ် ဆိုတဲ့ သတင်းစကားက ပျံသွားတဲ့ အချိန်မှာတော့ မိန်းဂျေးက စားစရားရောင်းတာကို ၁၉ ရက်နေ့မှာ ပိတ်တယ်လို့ ပြောလာပါတယ်။ ရေသန့်တစ်မျိုးက လွဲပြီး ဘာမှမရဘူးလို့ ဖြစ်လာပါတော့တယ်။
မွေးနေ့ပွဲဖြစ်မြောက်ရေး ဦးဆောင်သူတွေကလည်း မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ကြပြီး အိမ်က ပါဆယ်လာသူတွေအနေနဲ့ ဂေါ်ဖီတွေ ခရမ်းချဥ်သီးတွေ လက်ဖက် ပဲကြမ်းတွေ မှာကြဖို့ ဆုံးဖြတ် လိုက်ကြတယ်။ တစ်ရက်ထဲမှာ စုမှာရင် ထောင်အာဏာပိုင်တွေက ပေးမသွင်းမှာ စိုးတဲ့အတွက် မွေးနေ့မတိုင်ခင် ငါးရက်လောက်အလိုကတည်းက လူ၂၀၀ စာလောက်အတွက် လဖက်သုတ်လို့ရအောင် လိုအပ်တဲ့ ပစ္စည်းတွေကို ထောင်ထဲ သွင်းခဲ့ကြပါတယ်။ မိန်းဂျေးက ရောင်းတဲ့ ရေသန့်ကတ်တွေကိုလည်း တစ်ယောက်တစ်ဗူးနှုန်းနဲ့ တွက်ပြီး တစ်နေ့ကို နည်းနည်းစီလူခွဲပြီး ဝယ်ထားကြပါတယ်။

၁၉ ရက်နေ့မနက်ရောက်လို့ တန်းဖွင့်ပြီဆိုတာနဲ့ လူ ၂၀၀ စာအတွက် လက်ဖက်သုတ်ဖို့ ဂေါ်ဖီတွေ ခရမ်းချဥ်သီးတွေ ကြက်သွန်ဖြူနီ နဲ့ ငရုတ်သီးစိမ်း တွေကို ၃ဆောင် ၁ခန်းမှာ ဝိုင်းပြီးလှီးကြတော့တာပါပဲ။ ထောင်ထဲမှာ ဓားကိုင်လို့ မရပါဘူး။ အချွန်တွေ ဓားတွေမိရင် တိုက်ပိတ်တာတို့ ရိုက်နှက်တာတို့ လုပ်ပါတယ်။ ဒါကြောင့်လည်း ရှေ့အဆက်ဆက်က လက်ဆင့်ကမ်းပြီး ဖွက်ထားရတဲ့ သံပြားလေးတွေ၊ ရှားပါး စတီးဇွန်းကို ပြားပြီး သွေးထားတဲ့ ဇွန်းဓားနဲ့ လှီးကြရတာဆိုတော့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့်လည်း အမေ့မွေးနေ့ကို ရောက်နေတဲ့နေရာမှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ကြတာ မနက်တန်းပိတ်ချိန် ၁၁နာရီထိုးခါနီးမှပဲ ပြီးတော့တယ်။ ထောင်မှာဆိုတော့ အိုးခွက်ကလည်း မလွယ်ဘူးလေ ။ ဒါကြောင့် အခန်းထဲမှာ ရှိတဲ့ ဆေးဗုံးကြီးတွေထဲထည့်ပြီး နယ်ကြရပါတယ်။

တန်းပိတ်ခါနီးမှပဲ မွေးနေ့ လက်ဖက်သုတ် မစ်ရှင်ပြီးပါတယ်။ အခန်းတစ်ခန်းကို လူဦးရေ ၅၀ ကနေ ၆၀ ထိ ရှိတာမို့ အခန်းအလိုက် အခန်းလူကြီးတွေလက်ထဲကို ရေသန့်တစ်ယောက်တစ်ဗူးနှုန်းနဲ့ လက်ဖက်သုတ် ရေဗုံးတစ်ဗုံးစီ ပေးလိုက်ပါတယ်။ အမေ့မွေးနေ့လို့ ပြောပြီး လိုက်ပေးတာမို့ အားလုံးက ဒေါ်ဆောင်ဆန်းစုကြည် ရဲ့ မွေးနေ့အတွက်လှူတာလို့ သိကြပါတယ်။

ရောက်နေတဲ့အကျဥ်းအကြပ်ထဲကပဲ ကိုယ်ချစ်တဲ့ ခေါင်းဆောင်အတွက် ထောင်အာဏာပိုင်တွေကို ပညာပြပြီး အထိမ်းအမှတ်လေး လုပ်နိုင်လို့ အားလုံးက ဝမ်းသာကြ ပီတိဖြစ်ကြနဲ့ ပြောကြဆိုကြရင်း မနက်တန်း ပိတ် သွားပါတော့တယ်။ တကယ်ဆိုရင်တော့ မွေးနေ့အထိမ်းအမှတ်က ဒီနေရာမှာတင် ပြီးသွားရမှာပါ။ ဒါပေမယ့် သဘာဝတရားကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ကြတဲ့ နိုင်ကျဥ်းတွေကို ထပ်ပြီးအခွင့်အရေးတစ်ခု ပေးလာပြန်ပါတော့တယ်။

နေ့လည် ၂ နာရီ တန်းပြန်ဖွင့်တဲ့အချိန်မှာ ချစ်ချစ်တောက်ပူနေတဲ့ နေက ချက်ခြင်းမိုးတွေအုံမှိုင်းလာပြီး သဲသဲမဲမဲကို ရွာချပါတော့တယ်။ အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မိုးရေတွေထဲ ထွက်သွားကြပီးတော့ “ အမေစု ကျန်းမာပါစေ” ၊ “အမေစု ကျန်းမာပါစေ” ၊ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ အာဏာရှင် ကျဆုံးပါစေ လို့ အဆောင်ရှေ့က ကွင်းပြင်ထဲမှာ ငါးမိနစ်လောက် သံကုန်အော်ကြတော့တာပါပဲ။ အချို့တွေဆို မိုးရေထဲမှာ ငိုချတဲ့အထိ ဝမ်းနည်းဝမ်းသာ ဖြစ်ကြပါတယ်။ အဲဒီဖြစ်စဥ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့ နေမကောင်းဖြစ်မှာစိုးတာကြောင့် ၃ဆောင်က အချုပ်သားတွေ အနေနဲ့ မိုးရွာရင် ရေထွက်မချိုးရဘူးလို့ ထောင်အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတော့တယ်။

ဒါကတော့ ထောင်ထဲက မွေးနေ့ပွဲလေး အကြောင်း ပြန်ပြောပြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ပွဲအပါအဝင် နောင်နှစ် ၊နောင်နှစ်တွေမှာလည်း နေရာအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေကို ကျင်းပကြဦးမှာပါ။

ဘယ်လိုအကြောက်တရားနဲ့ ခြိမ်းခြောက်ကြပါစေ လူတစ်ယောက်အပေါ်မှာ ထားတဲ့ ချစ်ခင်လေးစားမှုတွေကတော့ လျော့ပါးသွားမှာ မဟုတ်ပါဘူး။ ၇၈နှစ်မြောက်မွေးနေ့မှသည် အသက်ရာကျော်ရှည်ပါစေ၊ အကျဥ်းထောင်အတွင်းက အမြန်ဆုံး လွတ်မြောက်ပါစေ။

#Ayeyarwaddy_Times #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #နေပြည်တော် #အကျဉ်းထောင်