နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းသက်တမ်းအတွင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးနိုင်ရေးကို မဖြစ်မနေ အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုလာသည်။
ထိုသို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေသည်ဟုလည်း ယမန်နေ့ ဇွန်လ ၁၆ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရုံး၊ ဌာနအသီးသီးမှ အရာရှိငယ်များနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ကောင်စီက ပြုလုပ်မည်ဟု ကြေညာထားသော ရွေးကောက်ပွဲသည် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP အနိုင်ရရန် စီစဉ်ပြုလုပ်သည့် ဟန်ပြရွေးကောက်ပွဲဖြစ်သလို ယင်းရွေးကောက်ပွဲအား ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ထုတ်ပြန်ပြောဆိုထားသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော်မဲရုံတွင် မဲလာပေးစဥ်ကလည်းရွေးကောက်ပွဲ ရလာဒ်နှင့်ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားကို လက်ခံမည်ဟု မီဒီယာများကို ပြောဆိုခဲ့သော်လည်း အမှန်တစ်ကယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသည့်အခါ အကြောင်းအမျိုးမျိုးပြ၍ အာဏာသိမ်းခဲ့သည်။
စစ်ကောင်စီသည် မဲမသမာမှု အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်နေသလို နိုင်ငံရေးပါတီများကိုလည်း ပြန်လည်မှတ်ပုံ တင်ရန် ကြေညာခဲ့ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီများကိုလိုက်လံစစ်ဆေးနေသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ပြင်ဆင်ပြဌာန်းခဲ့ပြီး ယင်းဥပဒေအရ မှတ်ပုံတင်လျှောက်ထားသည့် ပါ တီ ၅၀ ရှိကာ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ခုရှိသည့်အနက် ဇွန်လ ၁၆ ရက်အထိ ပါတီ ၇ ခုကိုသာ ပါတီတည်ထောင်ခွင့် ပြုထားနိုင်သေးကြောင်း သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ NLD နှင့် ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် ပါတီ ၄၀ ကျော်ကိုလည်း ဖျက်သိမ်း ခဲ့ပြီး ပါတီသစ် တည်ထောင်လိုသူများအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း UEC က ထုတ်ပြန်ထားသည်။
ထိုဥပဒေသစ်သည် ယခင် ၂၀၁၀ ခုနှစ်၊ မတ်လ ၈ ရက်က စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထက် ကန့်သက်ချက်များ ပိုမိုများပြားနေသလို စစ်ကောင်စီ က ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း PR စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်တွင် ပါတီများကို တင်းကြပ်ထားသည့်အတွက် ပါတီအများသည် ရပ်တည်ရေးအတွက် အခက်အခဲများကြုံတွေ့ခဲ့ရသည်။ ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေတွင် ပါတီများအနေဖြင့် ပါတီအင်အားစုစည်းမှုနှင့် စည်းရုံးမှုများအတွက် လှုပ်ရှားမှုများ မလုပ်နိုင်သော်လည်း ကြံ့ခိုင်ရေးပါတီသည် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့အစည်းအချို့၏ အကူအညီကိုယူကာ ပါတီစည်းရုံးရေး လုပ်ငန်းများကို ပြုလုပ်နိုင်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲများသူအနိုင်ယူစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဆိုပါစနစ်အား ပယ်ဖျက်ကာ PR စနစ်ကျင့်သုံး၍ ရွေးကောက်ပွဲ ကျင့်သုံးရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပကာ ၎င်းသမ္မတဖြစ်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေး ကြိုးပမ်းနေသည့် နိုင်ငံရေးအင်အားစုများ က ဝေဖန်ပြောဆိုဖားကြသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်ပေးမည်ဟူသော အာဏာသိမ်း စစ်ခေါင်းဆောင်၏ ကတိပြုချက်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနှင့် ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ၂၈ ပါတီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်တွင် လက်မှတ်ရေးထိုးထားကာ သဘောထားထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အလားအလာ မတွေ့ရှိရ ကြောင်း နိုင်ငံရေးပါတီများနှင့် လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အခြေအနေတွင် ယင်းရွေးကောက်ပွဲကို နောက်ရွှေ့ပြီး ၎င်းတို့၏ အာ ဏာသက်တမ်းကို နောက်ထပ် ခြောက်လ သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။
#ရွေးကောက်ပွဲ #ပြန်လည်ကျင်းပပြီး #အနိုင်ရသည့်ပါတီ #အာဏာလွှဲပေးမည် #စစ်ခေါင်းဆောင် #ထပ်မံပြောပြန်
#Ayeyarwaddy_Times