ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇွန်လ ၁၇ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားပေါ်တွင် လက်နက်ကြီးများ တင်ဆောင်ကာ လိုက်လံပစ်ခတ်နေ၍ ဒေသခံ နှစ် ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှ အရှေ့ဘက်ကမ်း တစ်လျှောက်ရှိ ဖြူးမြို့နယ်၊ မုန်းမြို့နယ်များမှ ကျေးရွာများကို ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်ကစတင်၍ ကား နှစ် စီးဖြင့် လက်နက်ကြီးများကို တင်ဆောင်၍ကာ လိုက်လံ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ ဒီလိုကားနဲ့လှည့်ပြီးပစ်တာမျိုးမရှိဘူး။ သူတို့(စစ်ကောင်စီ)ရဲ့အထိုင် တပ်တွေကနေ လက်နက်ကြီးနဲ့လှမ်းထုတာပဲရှိတယ်။ အခုမှ နဲနဲထူးခြားတာ။ နေ့ဘက်တွေလက်နက်ကြီးနဲ့ပစ်ရင် သူတို့တည်နရာကို ဒရုန်းနဲ့တိုက်ခံရမှာ ကြောက်တာ ကြောင့် ညဘက်မှာ ပစ်တာ။ ညဘက်ကို ခုလိုတည်နေရာအတည်တကျမရှိပဲ ပစ်တော့ သူတို့တို့ကိုဒရုန်းနဲ့တိုက်လို့လဲ အဆင်မပြေဖြစ်အောင် အခုလိုကားနဲ့ လိုက်ပစ်တာ လို့ယူဆရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့်လိုက်လံပစ်ခတ်မှုကြောင့် ဖြူးမြို့နယ်၊ ဘွားအေစုရွာကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ကိုအောင်ဇော်ဦး၏ လည်ပင်းကို လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် ကိုမော့၏ ကျောဘက်တွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ဘွားအေစုကျေးရွာက နှစ် ယောက်ထိတာမှာ တစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ မုန်း၊ အုတ်ဖျတ်ဘက်မှာလဲ နီးစပ်ရာရွာတွေထဲကို ည ၈ နာရီ၊ ၉ နာရီထိ လက်နက်ကြီးနဲ့လိုက်ပစ်တာ ငါး လုံးလောက်ရှိတယ်လို့ သိရတယ်” ဟု အဆိုပါ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်းသို့ လက်နက်ကြီး များဖြင့်ရမ်းသန်းပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိသည်။

ယခု ၂၀၂၃ ခုနှစ် နှစ်စမှ မေလကုန်အထိ ငါးလတာအတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ပြီး ၇၄၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

#ပဲခူးတိုင်း #ဖြူး #စစ်တောင်းမြစ်ကမ်းတစ်လျောက် #စစ်ကောင်စီတပ် #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #ဒေသခံ၂ဦး #ဒဏ်ရာရ #Ayeyarwaddy_Time