ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန်လဆန်းပိုင်းက စတင်ပြီး ညစဉ်ဆိုသလို ဧည့်စာရင်းစစ်ဆေးတာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ပေါ်ရော ကျေးရွာတွေမှာပါ ဧည့်စာရင်း စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပြီး PDF တွေကို လက်မခံဖို့နဲ့ ဧည့်သည်လာရင် ညအိပ်နေပါက ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီလဆန်းပိုင်းမှာပြန်စစ်တာ၊ မစစ်တာကြာပြီပေါ့။ လာစစ်ရင် သန်းခေါင်စာရင်းနဲ့ အိမ်ကလူတွေနဲ့ တိုက်ပြီးစစ်တယ်၊ တစ်ယောက်ယောက်မရှိရင် ဘယ်သွားလဲမေးတယ်၊ ပြီးတော့ ဧည့်သည်လက်မခံဖို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧည့်စာရင်းစစ်ဆေးတာတွေကို စစ်ကောင်စီတပ်၊ မီးသတ်တပ်ဖွဲ့၊ လဝကနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး ညစဉ် ညတိုင်းဆိုသလို လိုက်လံစစ်ဆေးတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေက ဇွန်လဆန်းပိုင်းကစတင်ပြီး PDF တွေ ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းကြောင့် နေရာတော်တော်များများမှာ စစ်ကောင်စီတပ်က ဦးဆောင်ပြီး ဧည့်စာရင်းစစ်ဆေးတာ တွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
#သာပေါင်း #စစ်ကောင်စီ #ဧည့်စာရင်း #ညတိုင်းစစ်ဆေး #ဧည့်သည်လက်မခံဖို့ ညွှန်ကြားထား #Ayeyarwaddy_Times