ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၇ ရက်
မြန်မာ့အရေးကို နိုင်ငံခြားရေးဝန်ကြီးအဆင့် အလွတ်သဘောဆွေးနွေးမည့်အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ၌ ကျင်းပရန် ဝန်ကြီးချုပ် ပရာယွတ်ဦးဆောင်သည့် ထိုင်းအစိုးရက စီစဉ်နေကြောင်း VOA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးများအဆင့် အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ လာမည့် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ပြုလုပ်သွားရန် စီစဉ်နေပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားထားကြောင်း ထိုင်းနိုင်ငံခြားရေးဌာနနှင့် နီးစပ်သူကို ကိုးကား၍ VOA သတင်းဌာနက ဖော်ပြသည်။
ယင်းအစည်းအဝေးကို အာဆီယံနိုင်ငံတချို့ကထောက်ခံထားပြီး ကန့်ကွက်သူမရှိသေးကြောင်း၊ ယခုဆွေးနွေးပွဲအပေါ် လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မလိုလားသည့်သဘောထားရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ပြီးခဲ့သည့်မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကြေညာချက်တွင် ပါရှိသည့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ထိတွေ့ဆက်ဆံရေးဟူသည့်အချက်များအရ ယခုဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ရှင်ထိုင်းနိုင်ငံက အဆိုပါအစည်းအဝေးတက်ရန် မြန်မာစစ်ကောင်စီကို ဇွန်လ ၁၄ ရက်နေ့က ဖိတ်ကြားထားပြီး မြန်မာဘက်မှ စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်ဖွယ်ရှိကြောင်း၊ ယခုဆွေးနွေးပွဲ တိုးတက်မှုရှိလာပါက နောက်ထပ် နိုင်ငံ့ခေါင်းဆောင်အဆင့်ဆွေးနွေးပွဲများ ဖြစ်လာဖွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်နီးစပ်သူကို ကိုးကား၍ VOA သတင်းက ရေးသားဖော်ပြသည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
ကိုးကား – VOA Burmese
#ထိုင်း #နိုင်ငံခြားရေးဝန်ကြီး #ဦးသန်းဆွေ #အလွတ်သဘောဆွေးနွေးပွဲ #Ayeyarwaddy_Times