ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇွန်လ ၁၇ ရက်
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ရွှေလေးကြိုးဝိုင်း ဧက ၅၀၀ အကွက်၊ အမှတ်(၄၀) အနီးတွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်သားများကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ-၂ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့- PPDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၃၀ ဝန်းကျင် ပါဝင်သည့်စစ်ကြောင်းအား မိုင်းကွင်းထဲဝင်ရောက်ချိန်တွင် အဝေးထိန်းမိုင်း နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း PPDF ထံက သိရသည်။
“ဒီဖြစ်စဉ်မှာ တပ်သား(စစ်ကောင်စီတပ်သား) ငါး ဦး ဒဏ်ရာရပါတယ်။ ဒဏ်ရာရတဲ့ သူတွေကို စောင်ပုခက်နဲ့ ထမ်းစင် ငါး ဆိုင်းနဲ့ ထမ်းပြီး လဲပင်ရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတာတွေ့ရတယ်” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ လုံခြုံစွာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များရှိနိုင်သည် ဟုယူဆသည့် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးမှုများမကြာခဏ ပြုလုပ်လျှက်ရှိကြောင်း တော်လှန် ရေးတပ်ဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း ပေါင်းတည်၊ ရွှေလေးကြိုးဝိုင်းအနီးတွင် စစ်ကြောင်း ထိုးလာသည့်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Bago Region PDF
#ပေါင်းတည် #ပဲခူးရိုးမ #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲခံရ #ထမ်းစင် #PPDF #Ayeyarwaddy_Times