ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၇ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညပိုင်းက အမျိုးသား သုံး ဦးကို မူးယစ်ဆေးပြား ခုနစ်သိန်း(၇၀၀,၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးမိကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက အင်းစိန်မြို့ နယ်၊ ဒညင်းကုန်းရပ်ကွက်၊ အောင်မင်္ဂလာဒုံလမ်းနှင့် ပြည်တော်သာ (၁) လမ်းထိပ်တွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့မှ အသွင်ယူ၍ ဖမ်းဆီးရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

“သူတို့ကိုအသွင်ယူပြီး ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးချက်တွေအရ ဒီမနက်မှာ ထပ်မိပါတယ်။ အားလုံး မူးယစ်ဆေးပြား ၇ သိန်းကျော်နဲ့ ရေခဲ(အိုက်စ်) ၃ ကီလိုထပ်ပြီး ဖမ်းဆီးရ မိခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးရမိချိန်တွင် ပြည့်စုံကျော်မင်း၊ ထူးခန့်နောင်၊ ဟိန်းခင်ဇော်ဆိုသူတို့ကို ဆိုင်ကယ်နှစ်စီး စိတ်ကြွရူးသွပ်ဆေးပြား ၄၆၇,၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းအချိန် တွင် ၎င်းတို့နေအိမ်အား သွားရောက်ရှာဖွေရာတွင် ဆေးပြား သုံးသိန်းနီးပါးနှင့် ရေခဲ(အိုက်စ်) သုံးကီလို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဘယ်လိုအဝေမတည့်လို့ အဖမ်းခံရတာလည်း မသိဘူး။ ရပ်ကွက်ထဲမှာ လူမိုက်ဆန်ဆန်၊ လူမိုက်တွေပါပဲ ပေါ်တင် ဆေးရောင်းနေကြတာ။ ပေါ်တင်လည်းသုံးနေကြတာ။ ရဲတွေလည်းမကြောက်ပါဘူး။ တစ်ဖွဲ့ထဲတွေ၊ ဝေမျှစားသောက်ပြီး လုပ်ချင်တိုင်းလုပ် မိုက်ချင်တိုင်း မိုက်နေကြတာ”ဟု အဆိုပါ ရပ်ကွက်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီရဲတပ်ဖွဲ့
#ရန်ကုန် #အင်းစိန် #မူးယစ်ဆေး #၇ သိန်းကျော် #ဖမ်းမိ #Ayeyarwaddy_Times