ဧရာ၀တီတိုင်းမ်
ဇွန် ၁၇ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နနွင်းကိုင်းရွာရှိ နာရေးအိမ်ကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်၍ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် နနွင်းကိုင်းရွာသို့ စစ်ကြောင်းထိုး ၀င်ရောက်လာသည့် စစ်ကောင်စီတပ်က ယခုလိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုနွေဦးထံက သိရသည်။

“ရွာဓလေ့ပေါ့ ၊ နာရေးအိမ်မှာ ဖဲဝိုင်းလုပ်ကြတာပေါ့။ အဲဒါကို ရွာထဲ၀င်လာပြီး နာရေး အိမ်ကို၀င်ပစ်တာ။ သေနတ်နဲ့ ရမ်းပြီးတော့ကို ပစ်တာ။ အရပ်သား တစ်ယောက် သေတယ်။ တစ်ယောက်ကိုတော့ အုတ်ခဲနဲ့ခေါင်းကိုရိုက်နှက်သွားတယ်။ သေနတ်ကို ရမ်းပြီးပစ်တာ ဂျန့်ဖြစ်ပြီး ကျည်မထွက်လိုက်လို့။ မဟုတ်ရင်အကုန်သေလောက် တယ်” ဟု CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ ၀င်ရောက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်ရစ် ရဲစခန်းတွင် တပ်စွဲထားပြီး ညပိုင်းအချိန်တွင်မှ ကျေးရွာများသို့ စစ်ကြောင်း ထွက်လေ့ရှိကြောင်းသိရသည်။ နနွင်းကိုင်းရွာသို့ နံနက် ၆ နာရီခန့် အစောပိုင်းတွင် ၀င်ရောက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သနပ်ကုန်းရွာသို့လည်း ၀င်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း သတင်းရရှိ၍ ဒေသကာကွယ်ရေးအဖွဲ့များမှ စုပေါင်းရောက်ရှိချိန်တွင် ယင်းစစ်ကောင်စီတပ်သည် နနွင်ကိုင်းရွာတွင် ပစ်ခတ်ပြီးနောက် ပြန်လည်ထွက်ခွာသွားသဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ကိုနွေဦးထံက သိရသည်။

#စစ်ကိုင်း #မြောင် #နနွင်းကိုင်း #နာရေးအိမ် #စစ်ကောင်စီတပ် #ပစ်ခတ် #ဒေသခံတစ်ဦးသေ #CDSOM #Ayeyarwaddy_Times