ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
ဧရာ၀တီတိုင်းတွင်းရှိ မြို့နယ်တစ်ချို့မှာ ကျောင်းလုံး၀တက်ရောက်ခြင်းမရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေရဲ့ နေအိမ်တွေကိုလိုက်လံပြီး ကျောင်းမတက်တဲ့အကြောင်းအရင်းကို စစ်ကောင်စီတပ်က မေးမြန်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့ကစတင်ပြီး ပုသိမ်၊ ငပုတော ၊ရေကြည်မြို့နယ်နဲ့ မြို့နယ်အတွင်းက ငါးသိုင်းချောင်း၊ အသုတ်နဲ့ ကျေးရွာတွေမှာ ကျောင်းမတက်ရောက်သူများပြားတာကြောင့် ကျောင်းဆရာမတွေနဲ့အတူ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေပါဝင်တဲ့အဖွဲ့က ကျောင်းမတက်ရတဲ့အကြောင်းအရင်းကိုလိုက်မေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တမ်းကောက်တဲ့ သဘောလားတော့မသိဘူး။ ကျောင်းကအခမဲ့ ဆိုပေမယ့် ကလေးကိုကျောင်းပို့ဖို့မတက်နိုင်တဲ့ အခြေအနေတွေရှ်တယ်။ တစ်နေ့စားဖို့တောင်ရုန်းကန်နေရသူတွေရှိတယ်”လို့ ငပုတောမြို့ ကျေးရွာတစ်ရွာမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နေအိမ်များကို လိုက်လံပြီး ကျောင်းအပ်ဖို့ အခက်အခဲ ရှိမရှိမေးမြန်းတာတွေ ၊ ဘာကြောင့် ကျောင်းမတက်ရလဲ ဆိုပြီးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီး စာရင်းကောက်ယူသွားတာကြောင့် နိုင်ငံရေးနဲ့ ပတ်သတ်တယ်ထင်ပြီး ဖမ်းဆီးမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။
ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းစဥ်ကာလမှာ ကျောင်းပိတ်ထားခဲ့တာကြောင့် တစ်ချို့ကျောင်းသားအချို့ဟာ အလုပ်ခွင်၀င်ရောက်နေရပြီး
လက်ရှိအချိန်မှာစီးပွားရေးနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် ကျောင်းမထားနိုင်တဲ့ မိဘတွေအနေနဲ့လည်း ခုလိုမျိုး စစ်ကောင်စီတပ်က နေအိမ်တွေကို လိုက်လံမေးမြန်းတဲ့အပေါ် အရေးယူဖမ်းဆီးခံရမှာ စိတ်ပူနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပုသိမ်မြို့ပေါ်ရှိစာသင်ခန်းတစ်ခုအား တွေ့ရစဥ်
#ဧရာ၀တီ #ကျောင်းနေအရွယ် #ကျောင်းမတက်သည့် #နေအိမ် #စစ်ကောင်စီ #လိုက်လံမေးမြန်း #Ayeyarwaddy_Times