ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဇွန် ၁၇ ရက်

ဖလမ်းမြို့နယ်တွင် သက်ငယ်မုဒိန်းမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသော ပြစ်မှုကျူးလွန်သူ ၁၁ ဦးတို့ကို ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၏ တရားရေးဌာနက သက်ဆိုင်ရာကဏ္ဍအလိုက် တရားစီရင်မှုအသီးသီးချမှတ်ခဲ့ကြောင်းသိရသည်။

CNO၏ တရားစီရင်ရေးဌာနအနေဖြင့် ဘက်လိုက်မှုမရှိအောင် တရားလိုကသော်လည်း၊ တရားခံက သော်လည်း ကောင်း လွတ်လပ်စွာ ရှေ့နေဌားပိုင်ခွင့်ပြုပေးခဲ့သလို ပြစ်မှုကျူးလွန်သူများကို ယခင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တရားရုံးချိန်များဆင့်ခေါ် စစ်ဆေးခဲ့ပြီး တရားမျှတမှု ပေါ်ပေါက်ရန် သက်သေ အထောက်အထား စုဆောင်းခြင်း၊ မျက်မြင်သက်သေစုဆောင်းခြင်းများကို အသေးစိတ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လကုန်အထိ အမှု ရှစ်မှုနှင့် ပြစ်မှုကျူးလွန်သူလူဦးရေး ၁၁ ဦးတို့ကို စီရင်ချက်ချမှတ်နိုင်ခဲ့ကြောင်းချင်းအမျိုးသားအဖွဲ့ချုပ်ထံမှ သိရသည်။

“ကျွန်တော်တို့ CNOရဲ့ တရားရေးဌာနက ဗဟိုကောင်စီရဲ့ အောက်မှာ လွတ်လပ်သော သီးခြားဌာနအနေနဲ့ ဖွဲ့စည်းထားတာပေါ့နော်။ တရားစီရင်ရေးဌာနမှာ အတိုင်ပင်ခံကော်မတီဆိုပြီးတော့ ထပ်ပြီးတော့ လုပ်ထားတာရှိတယ်။ အတိုင်ပင်ခံကော်မတီကတော့ ဒီအမှုပေါ်မှာ အကြံပေးတာတို့၊ အခြားလိုအပ်ချက်တွေ ပြုလုပ်ရတာပေါ့။ ပြီးလို့ရှိရင် တရားသူကြီးချုပ်ဆိုပြီးတော့ သီးသန့်ထားထားတာရှိတယ်။ တရားသူကြီးချုပ် ကတော့ တရားစီရင်ရေးပိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဘယ်သူရဲ့ လွမ်းမိုးမှု၊ အမိန့်ပေးမှုမရှိဘဲနဲ့ တရားဉပဒေနှင့် အညီ တရားမျှတစွာ ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့ ခွင့်ပြုထားတာပါ “ လို့ (CNO-Judiciary Department)အတွင်းရေးမှူးဆလိုင်းဗန်ဆွီးဆန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)အနေဖြင့် စစ်ကောင်စီနှင့်ပြိုင်တူ တရားစီရင်ရေးလုပ်ငန်းများဆောင်ရာတွင် သက်သေရှာဖွေမှုများနှင့်သက်သေထွက်ဆိုပေးမည့် ပုဂ္ဂိုလ်များဆင့်ခေါ်ရာတွင် အခက်အခဲကြုံတွေ့ရသည့်အပြင် ပြည်သူလူထု၏ ပါဝင်လှူဒါန်းပေးသော ငွေကြေးများဖြင့် လုပ်ငန်းလည်ပတ်ရသည့်အတွက် အကျဉ်းထောင် စရိတ်ပိုင်းတွင် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။

“ပြည်သူလူထုကို အရမ်းကျေးဇူးတင်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီတရားစီရင်ရေး အပိုင်းမှာဆိုရင် စစ်ကောင်စီလက်အောက်ကနေ တရားရုံးရှိတယ်။ ပြီးလို့ရှိရင် တော်လှန်ရေးအဖွဲ့ (CNO) ကနေပြီးတော့ တရားရုံးရှိတယ်။ တရားရုံးက နှစ်ခုရှိနေတဲ့ သဘောပေါ့နော်။ ဒါပေမယ့် ပြည်သူလူထုအနေနဲ့ CNO ရဲ့ တရားစီရင်ရေးအပေါ်မှာ ဘယ်လောက်ထိ ယုံကြည်မှုရှိသလဲဆိုရင် သူတို့ရွာမှာ ဖြစ်ပျက်နေတဲ့ ကြက်ခိုးမှု၊ ငှက်ခိုးမှုကအစ ရွာမှာ အရက်မူးပြီး သောင်းကျန်းတဲ့ဟာတွေကအစ ကျွန်တော်တို့ တရားရုံးမှာ တိုင်စာနဲ့တကွ လာပြီးတော့ တိုင်ချက်ဖွင့်တာတွေရှိတယ်။ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုက စစ်ကောင်စီရဲ့ တရားစီရင်ရေးကိုလည်း လက်မခံဘူးဆိုတာဟာတော့ တော်တော်လေးကို ထင်ရှားတာပေါ့နော်”လို့ ဆလိုင်းဗန်ဆွီးဆန်က ဆက်လက်ပြောဆိုသည်။

ပြစ်မှုကျူးလွန်သူများကို တရားစီရင်ရာတွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူကို ပုဒ်မ-၃၆၀ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်၊ မုဒိန်းမှုကျူးလွန်သူကို ပုဒ်မ-၃၇၆ ဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သလို နေအိမ်မီးရှို့သူသုံး ဦးကို ပုဒ်မ-၄၆၃ ဖြင့် ထောင်ဒဏ် ၁ နှစ်စီနှင့် အကြမ်းဖက်မှုကျူးလွန်သူ တစ်ဦးကို ပုဒ်မ-၅၀၆ ဖြင့် ထောင်ဒဏ် ၁ နှစ်အသီးသီးချမှတ်ချခဲ့ကြောင်းသိရသည်။

ထို့အပြင်ခိုးမှုကျူးလွန်သူနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူ လေးဦးတို့ကို ကျပ်ငွေ ငါးသိန်းမှ ကျပ်ငွေ ၃၅ အထိ အသီးသီးဒဏ်ကြေးဆောင်ခိုင်းပြီး ကတိဝန်ခံချက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း CNOထံမှ သိရသည်။

“နောက်တစ်ဆင့်အနေနဲ့ တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့တော်လှန်နေတာ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကို တော်လှန်နေတာဖြစ်တယ်။ ကျွန်တော်တို့ကိုယ်၌ကလည်း အာဏာရှင်ကို တော်လှန်နေတဲ့အချိန်မှာ အာဏာရှင်ပြန်မဖြစ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့်မို့ CNOရဲ့ ဆောင်ပုဒ်အနေနဲ့ “တရားမျှတမှုကနေ လွတ်လပ်မှုကို သွားချင်တယ်”လို့ သုံးထားပါတယ်။ တရားမျှတမှုမရှိတဲ့ လွတ်လပ်မှုကိုလည်း ကျွန်တော်တို့ မလိုချင်ဘူးဆိုတာ ပြောချင်ပါတယ်”လို့ ဆလိုင်းဗန်ဆွီးဆန်က ပြောဆိုသည်။

ပြည်သူလူထုများက ပူးပေါင်းပါဝင်လာခြင်းကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် တရားစီရင်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သလို ပြည်ပရောက် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန်လိုအပ်​သလို တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထုများ ပိုမိုစည်းလုံးပါက ယခုတော်လှန်ရေးကို အချိန်တိုအတွင်းအောင်မြင်မည်ဟု (CNO-Judiciary Department)အတွင်းရေးမှူးက သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ-CNDF/CNOတပ်ဖွဲ့ဝင်များ
#ဖလမ်းမြို့နယ် #ချင်းအမျိုးသားအဖွဲ့ချုပ် #ပြစ်မှုကျူးလွန်သူများ #တရားစီရင်မှုများအသီးသီးချမှတ်
#Ayeyarwaddy_Times