နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
အာဏာသိမ်း စစ်ကောင်စီက (၁၀) နှစ်တစ်ကြိမ် ပြန်လည်ကောက်ယူရသည့် လူဦးရေသန်းခေါင်စာရင်းအတွက် နိုင်ငံတကာ အကြံပေးများ ခေါ်ယူလျက်ရှိပြီး လက်ရှိအခြေအနေအရ ထိုသို့ကောက်ယူရန် မဖြစ်နိုင်သေးသလို ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနိုင်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြဝေဖန်သည်။
စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မြေပုံရေးဆွဲ ခြင်းနှင့် စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းလုပ်ငန်းကို Geographic lnformation System (GlS) နည်းပညာ အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် စာရင်းကောက်ကွက် မြေပုံများ ဖွဲ့စည်းပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးခြင်း၊ သင်တန်းပို့ချပေးခြင်းနှင့် Geo Database အား Update ပြုလုပ်ပေးရန်အတွက် နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ် အဆိုပြုလွှာ ခေါ်ယူကြောင်း စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာမှတဆင့် ဖိတ်ခေါ်ခဲ့သည်။
“လက်ရှိကာလမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုတာက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ လက်ရှိပြည်တွင်းစစ်ကြောင့်၊ ပြည်တွင်း ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းသွားလာနေတဲ့ အင်အားစုတွေက မတ ရားများနေပြီ။ ဆိုတော့ ဒီအခြေအနေပေါ်မှာ ပြည်တွင်းသန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ဆိုတာက ဒသမ တစ်တောင် မရှိဘူးလို့ ပြောလို့ရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်(NPLUF)မှ တရားလွှတ်တော် ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လူဦးရေ သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင် အဓိကအားဖြင့် အသက် ၁၈ နှစ်နှင့်အထက်၊ အသက် ၅ နှစ်မှ ၁၇ နှစ်အထိဆိုပြီး နှစ်ပိုင်းခွဲထားကာ အသေးစိတ်ဆိုရလျှင် မွေးကင်းစ ကလေးမှ အသက် ၅ နှစ်အထိ၊ အသက် ၆ နှစ်မှ ၁၁ နှစ်အထိ၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ အသက် ၂၅ နှစ်မှ ၄၀ နှစ်အထိ၊ အသက် ၄၁ နှစ်မှ ၆၀ နှစ်အထိ၊ အသက် ၆၁ အထက်ဟူ၍ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် (UNDP) စံနှုန်းသတ်မှတ်ချက်အတိုင်း ဂရပ်စာရင်းပြုစုရခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေ သန်းခေါင် စာရင်းသည် ၁၀ နှစ်နီးပါး ကြာမြင့်ပြီဖြစ်၍ အချက်အလက်များ မှန်ကန်စေရန်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ပြုလုပ်ရန် ရည်ရွယ်ကြိုးပမ်းနေသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်မှုရှိစေရန်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ပြန်လည်ကောက်ယူခြင်းဖြစ်ကြောင်း လေ့လာသူများ၏ သုံးသပ်ချက်အရ သိရသည်။
“အခြေအနေအားဖြင့် ကြုံကြိုက်ပြီးတော့ ဒီလိုမျိုး သန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်ချက် ရှိနေတဲ့အချိန်မှာ ဒီလိုအပ်ချက်ကို အသုံးပြုပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်လည်း ဖြစ်တယ်။ အခြားပြည် တွင်း ထိန်းချုပ်နိုင်ဖို့၊ ပြည်တွင်းအာဏာ ဖြန့်ကျက်တည်ဆောက်နိုင်မှုအပေါ်မှာ အသုံးချမယ့် သဘောမှာတော့ရှိတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူမှုကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ) လက်ထက်၌ တစ်ကြိမ်၊ စစ်အာဏာရှင်ဟောင်းများဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ(မဆလ) လက်ထက်၌ တစ်ကြိမ်၊ ဦးသိန်းစိန် အစိုးရလက်ထက်၌ တစ်ကြိမ် လွတ်လပ်ရေးရပြီးနောက်ပိုင်း သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို ဗြိတိသျှအစိုးရ လက်ထက်တွင်လည်း လေးကြိမ်ထက် မ နည်း ကောက်ယူခဲ့ကြောင်းသိရသည်။
အဆိုပါသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရပြီး ယခင် NLD အစိုးရလက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ပြည်တွင်းရှိ နိုင်ငံသားလူဦးရေ စာရင်းကိန်းဂဏန်း အချက်အလက်ကို စဥ်ဆက်မပြတ် ကောက်ယူပြီး မှတ်တမ်းတင်ရသလို နိုင်ငံအတွင်းနေ ပြည်သူတစ်ဦးတစ် ယောက်သည် ဤနိုင်ငံသား ဖြစ်သင့်/မသင့်၊ ဧည့်နိုင်ငံသား ဖြစ်သင့်/မသင့် ဆိုသည်များကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ စိစစ်အကဲဖြတ်ရသော လုပ်ငန်းစဥ်ကိုလည်း လုပ်ကိုင်ရသည့် ဝန်ကြီးဌာနဖြစ်သည်။
“၁၀ နှစ်ကို တစ်ကြိမ် နိုင်ငံတစ်နိုင်ငံမှာ မြေပြင်သန်းခေါင်စာရင်း ကောက်ယူရတယ်ဆိုတာက UNDP လို့ ခေါ်တဲ့ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ်ရဲ့ အစီအစဥ်ပေါ့ ။ ဒါ က နိုင်ငံတကာမှာလည်း လုပ်ပါတယ်။ အဓိကအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ လုပ်ပါတယ်။ ဘာကြောင့်လုပ်ရသလဲဆိုတော့ ဒီလူဦးရေ ရဲ့ အချက်အလက်ကို ကြည့်ပြီးတော့မှ ဒီနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နောက်ပြီး ဒေသတွင်း တိုးတက်ဖြစ်ထွန်းမှုကို ချိန်ထိုးတွက်ချက်ရတာကိုး” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
ထို့အပြင် ပြည်ပက ဝင်ရောက်လာသည့် နိုင်ငံခြားသား ဧည့်သည်များကိုလည်း စိစစ်ကြပ်မတ်ရသော တာဝန်များကိုလည်း လုပ်ကိုင်ဆောင်ရွက်ရကြောင်း၊ ထို့အတူ ပြည်တွင်းက မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ တရား ဝင် သွားရောက်နိုင်ရေးအတွက် လိုအပ်သော တရားဝင် စာရွက်စာတမ်းများ (ဥပမာ-ပတ်စ်ပို့) ထုပ်ပေးရာ ဌာနလည်းရှိသလို ဝန်ကြီးဌာနဝါစဥ်အရ Third or Fourth level တွင်ရှိကြောင်း သိရသည်။
“ဒါကတော့ ပုံမှန်အခြေအနေမျိုးမှာ အစိုးရတစ်ရပ် လုပ်ရမယ့်၊ နိုင်ငံတစ်ခုအနေနဲ့ ပုံမှန်လုပ်ရမယ့် လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခု၊ နားလည်ချက်တစ်ခုနဲ့ နိုင်ငံတိုင်းက လုပ်ကြတဲ့ဟာ။ ဒါပေမယ့် အခုလက်ရှိ အခြေအနေမှာ လုပ်မယ်လို့ စဉ်းစားဆုံးဖြတ်တဲ့အဖွဲ့က စစ်ကောင်စီဖြစ်နေတယ်။ အာဏာသိမ်းယူထားတဲ့ အဖွဲ့ဖြစ်နေတယ်ဆိုတော့ ဒီသန်းခေါင်စာရင်း ကောက်ယူမှုက သူရဲ့နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးမချဘူး လို့တော့ အာမခံလို့မရဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဌာန်းခဲ့ပြီးနောက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည်ဟု ထပ်မံပြောကြားကာ ၎င်းဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအတွက် ခြေတစ်လှမ်း ဆက်လှမ်းခြင်းပင်ဖြစ်သည်။
“ဒါမျိုးကောက်တယ် ဆိုလို့ရှိရင် အကုန်လုံး တိုင်းသူပြည်သားတွေက ဝိုင်းဝန်းဆောင်ရွက်ပြီးတော့ ကိုယ့်ရဲ့အချက်အလက်တွေ၊ စီးပွားရေး အချက်အလက်တွေ၊ လူမှုရေး အချက်အလက်တွေကို ကိုယ်ကိုတိုင်က ပေးချင် မှ သူတို့ ရမှာလေ။ အဲဒီတော့ ကိုယ်ကိုတိုင်က မပေးချင်ဘူးဆိုရင် ဒီနိုင်ငံတကာ အကြံပေးတွေပဲ လာလာ၊ ဘာလာလာ ဒီလုပ်ငန်းကြီးက တကယ်တော့ အောင်မြင်မှာ မဟုတ်ဘူး။ ဇွတ်လုပ်လို့ ရှိရင် လည်း ဇွတ်လုပ်တာပဲ ဖြစ်မှာပဲ” ဟု တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ စစ်ကောင်စီ အစည်းအဝေးတွင်လည်း ပြီးခဲ့သည့် ၂၀၂၀/၂၀၂၁/၂၀၂၂ ခုနှစ်များ၌ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှု ခက်ခဲခြင်း၊ သေဆုံးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်မှုရှိရန် အားနည်းချက်များ ရှိနေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ဖူးသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#နိုင်ငံရေးအသုံးချ #သန်းခေါင်စာရင်းကောက်ယူ #နိုင်ငံတကာအကြံပေး #စစ်ကောင်စီခေါ်ယူ #Ayeyarwaddy_Times