ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

ဆိုက်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်ပြီး တစ်လအကြာတွင် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာရောက်ရှိနေပြီး ပြုပြင်နေမှုများကြည့်ရှုကာ ရုပ်လုံးထွက်ပြ နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီအဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်သည် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေမြို့အပါအဝင် မောင်တောနှင့် ဘူးသီးတောင်မြို့ရှိ မုန်တိုင်းသင့် ဒေသခံများထံ သွားရောက်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြကြသည်။

ယမန်နေ့တွင် စစ်တွေမြို့ပေါ်ရှိ ရှင်မာကုကစီဒြယ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းအပါအဝင် ရိုဟင်ဂျာဒုက္ခသည်များနေထိုင်ရာ သက္ကယ်ပြင် IDP Camp သို့သွားရောက်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၄ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိလာပြီး စစ်တွေကမ်းနားလမ်းပြုပြင်မှု၊ စာသင်ကျောင်း၊ ဆေးရုံအပါအဝင် စစ်တပ်မိသားစုများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

” စွမ်းစွမ်းတမံ ဆောင်ရွက်မှုကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းနဲ့ ယခုတစ်လပြည့် ကာလ ပြန်လည်ထူးထောင်ပြီးစီးပြီးမှု မြင်ကွင်းကဝမ်းသာ အားရကျေနပ်ဖွယ် ပြောင်းလဲလာတယ်။ မုန်တိုင်းကြောင့် သေဆုံး ၁၄၈ ယောက်နဲ့ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၂၂ ဘီလီယံရှိတယ် ” ဟု စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားသည်။

ထို့ပြင် မုန်တိုင်းအလွန်ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ သာသနိက ဆိုင်ရာအဆောက်အအုံ များအပါအဝင် ပြည်သူများအားလုံး အမိုးအကာအောက် ရောက်ရှိစေရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် မိုးရာသီတွင် စိုက်ပျိုးရေးအတွက် ထွန်ယက်မှု ၊ မျိုးစေ့လိုအပ်မှုများ ဖြည့်ဆည်း ပေးနေကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၏ အမှန်တကယ်မြေပြင် အခြေအနေတွင်မူ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့်တာပေါ်လင်စအပါအဝင် စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသေးသည့် အိမ်ထောင်စုပေါင်း သုံးသိန်းခွဲကျော်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က မိုခါမုန်တိုင်း တစ်လပြည့်ချိန်တွင် သတင်းထုတ်ပြန် ထားသည်။

စစ်ကောင်စီ၏ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလာရောက်ကြည့်ရှု့ခဲ့သည့် စစ်တွေခရိုင်ထဲတွင်ပါဝင်ကာ စစ်တွေမှနှစ်နာရီသာဝေးကွာ‌သော ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိကျေးရွာများတွင် အထောက်အပံ့များမရရှိသေးကြောင်း ဒေသခံများထံက သိရသည်။

“အစိုးရထောက်ပံ့တာ ဘာမှမရှိသေးဘူး။ ရှင်းရှင်းပြောရရင် တစ်ရွာလုံးပဲ အထောက်အပံ့မရှိတာ။ ကိုယ့်အချင်းချင်းလည်း ငွေရေးမထောက်ပံ့နိုင်သည့်အပြင် အလုပ်ကူဖို့တောင်မလုပ်ပေးနိုင်ကြဘူး။ ကိုယ့်အိမ်ကိုယ်လုပ်နေရတာပါ” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားကန်ချောင်းကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုခါဘေးအန္တရာယ်သင့်သည့် ဒေသများတွင် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျော်တော်၊ မြောက်ဦးမြို့နယ်များတွင် ၆၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပြီး မင်းပြား၊ မြေပုံ၊ ကျောက်ဖြူတို့တွင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့ရသည်။ ပျက်ဆီးဆုံးရှုံး ထိခိုက်ခံစားရမှု ၃၀ ရာခိုင်နှုန်းအောက်တွင် မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်း၊ ဂွ၊ သံတွဲ၊ မောင်းတောမြို့နယ်များပါဝင်သည်။

အလွန့်အလွန် အင်အားပြင်းထန်သော ဆိုက်ကလုန်မုန်တိုင်း မိုခါသည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများကိုဖြတ်ကျော်တိုက်ခတ်သဖြင့် လူဦးရေ တစ်သန်းခွဲကျော်ထိခိုက်ခံစားရပြီး သေဆုံးသူ ၁၆၄ ဦးရှိကြောင်း ရက္ခိုင့်တပ်တော် (AA ) ၏ စာရင်းများအရသိရသည်။

#မိုခါအလွန် #တစ်လပြည့် #ကူညီထောက်ပံ့မှုများ #မရ #ဝေဖန်မှုများမြင့်တက် #ဒုတိယစစ်ခေါင်းဆောင် #ရခိုင်တွင် လူလုံးထွက်ပြ
#Ayeyarwaddy_Times