ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းဒေါ်လာဈေး၊ ရွှေဈေးနှင့် စက်သုံးဆီဈေးနှုန်းများ အပါ အဝင်အခြေခံစားသောက် ကုန်ဈေးကွက်အတွင်း ဇွန်လ ပထမပတ်တွင်ဖြစ်ပေါ်သော ဈေးနှုန်းများတွင် အခြားကုန်စည်ဈေးနှုန်းများ အတက်အကျရှိသော်လည်း အကယ်ဒမီ ရွှေဈေးနှုန်း သိသိသာသာ မြင့်တက်လာညပီး တချို့မှာမူဈေး ငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
#နိုင်ငံခြားငွေ
နိုင်ငံခြားငွေလဲဈေးနှုန်းတွင် ဇွန်လ ၁ ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင်၂၉၀၀ ကျပ် ရှိရာမှ ဇွန်လ ၁၅ ရက်နေ့တွင် ၂၉၈၂ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ကျပ် ၈၀ ခန့်မြင့်တက်လာခြင်းဖြစ်ကြောင်း ငွေလဲလှယ်နှုန်းဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။
#ပြည်တွင်းရွှေဈေးနှုန်း
ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဇွန်လ ၁ ရက်နေ့တွင် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃၀ ဝန်းကျင်ရှိ ရာမှာ ဇွန်လ ၁၅ ရက်နေ့တွင် ကျပ် ၃၁ သိန်းကျော်ထိဈေးမြင့်လာရာ တစ်ပတ်အတွင်း ကျပ် တစ်သိန်းကျော်မြင့် တက်သွားခြင်း ဖြစ်သည်။
#စက်သုံးဆီဈေးနှုန်း
ဒေါ်လာဈေးအတက်၊ အကျဖြင့်အမြဲချိတ်ဆက်လျှက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ်၂၀၀၀ နီးပါးရှိရာမှ တစ်ပတ်အတွင်း ကျပ် ၂၀၀ နီးပါးအတက်အကျရှိနေပြီး စက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေခြင်း ဖြစ်ကြောင်း စက်သုံးဆီဈေးကွက်မှ စုံစမ်းသိရသည်။
“ ဆီဈေးတက်နေတော့ ကားပတ်မမောင်းနိုင်ဘူး။ ဈေးကလည်း ဒီနေ့မှကျတာ အရင်အပတ်တွေက နှစ်ထောင်ကျော်ပဲ။ ကားဆွဲမကောင်းဘူး။ နေ့လယ်အထိ ဘယ်လောက်မှမရသေးဘူး” ဟု ရန်ကုန်မြို့တွင်း တက္ကစီမောင်နှင်သူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လအစပိုင်းက ၉၂ တစ်လီတာလျှင် ကျပ် ၂၀၃၅ ရှိရာမှ ယမန်နေ့တွင် ၁၉၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၁၃၅ ကျပ်ရှိရာမှ ၂၀၉၀ ကျပ်သို့လည်းကောင်း၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၂၀၂၀ ကျပ်မှ ကျပ် ၂၀၂၅ သို့လည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၁၉၄၀ ကျပ်မှ ၁၉၄၅ ကျပ်သို့လည်းကောင်း ဈေးအတက်အကျရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံက သိရသည်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
အခြေခံစားသောက်ကုန်ဈေးနှုန်းတွင် ဇွန်လပထမပတ်အတွင်း ဆန်နှင့်စားသုံးဆီ ဈေးနှုန်းသည် အမြင့်ဈေးတွင် ငြိမ်သက်နေပြီး စားဖိုဆောင်သီးနှံတချို့ဈေးမြင့် တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
နယ်ဒေသများတွင် စပါးဈေးနှုန်းမြင့်မားကာ မာနေပြီး ရန်ကုန်ဆန်ဈေးကွက် တွင်မူ ဇွန်လ ၅ ရက်နေ့တွင် ရွှေဘိုဆန်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ မှ ကျပ် ၁၁၀,၀၀၀ ကျပ်အထိရှိပြီး ယမန်နေ့ ၁၅ ရက်နေ့အထိ ဈေးငြိမ်နေသည်ကို ဈေးကွက် အတွင်းစုံစမ်းသိရသည်။
ယင်းပြင် ဇွန်လ ၅ ရက်နေ့တွင် မြေပဲဆီဈေး တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်၊ စားအုန်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၆,၂၀၀ ကျပ်ရှိရာ ယမန်နေ့ထိ ဈေးတည် ငြိမ်နေခြင်းဖြစ်သည်။
“ ဒီနေ့ဈေးသွားတော့ ဈေးထဲမှာ သားငါးတွေကပုံမှန်ပဲ။ ခရမ်းချဉ်းသီးတို့ပုံမှန်ပဲ။ ဈေးကတစ်ခါသွားရင် တစ်ခေါက်နဲ့ တစ်ခေါက်မတူဘူး။ တစ်ရက်နဲ့ တစ်ရက်တောင် မတူဘူး။ ဒီတစ်ပတ်တော့ အားလူးဈေးတက်တယ်။ ကျန်တာတွေတော့သိပ်မတက်ဘူး။ ကုန်ရှိနေသေးလို့ထင်တယ်” ဟု လခစားဝန်ထမ်းအိမ်ရှင်မ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် တစ်ပိဿာ ၂,၈၀၀ ကျပ်ရှိသောကြက်သွန်နီဈေးသည့် ယမန်နေ့တွင် ကျပ် ၃,၂၀၀ ဖြစ်ကာ ၄၀၀ ကျပ်မြင့်တက်သွားသည်။ ထို့အတူ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်၊ မြေပဲ တစ်ဆယ်သားလျှင် ၁,၂၀၀ မှ ၁,၄၀၀ ကျပ်အထိမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ထို့ပြင်အာလူး တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်ဖြစ်၍ ငါးရာကျပ် မြင့်တက်သွားပြီး ဂျင်းတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ အထိဈေးမြင့်တက်နေကြောင်း ညောင်ပင်လေးဈေးအတွင်းမှ စုံစမ်းသိရသည်။
“ ဒီရက်ပိုင်းဒေါ်လာဈေးတွေလည်းတက်လာတယ်။ ဒေါ်လာဈေးနဲ့အတူ အထွေထွေ ဈေးနှုန်းတွေလည်း မြင့်လာမှာစိုးရတယ်။ ကုန်ဈေးနှုန်းက တက်ပြီးရင်ကျသွား တာထုံးစံမရှိတော့လေ” ရန်ကုန်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ပြောသည်။
လက်ရှိတွင်ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပသွင်းကုန်ဖြစ်သည့် ဆေးဝါး၊ စားသောက်ကုန်၊ အိမ်ဆောက် ပစ္စည်းအပါအဝင်စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့် တက်မည် ကိုစိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
စစ်ကောင်စီအာဏာသိမ်းယူထားသည့် နှစ်နှစ်အတွင်း ဒေါ်လာဈေး၊ ရွှေဈေးနှင့် စက်သုံးဆီဈေးနှုန်းများအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ အထွေထွေ အကျပ်အတည်းများ ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိ ညောင်ပင်လေးဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကောက်ယူထား ခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်နိုင်ပါသည်။)
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #Ayeyarwaddy_Times