ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဇွန်လ ၁၆ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်တစ်နေရာရှိ စစ်ဘေးရှောင်စခန်းသို့ ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းသို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ဇွန်လ ၁၄ရက်၊ ညနေ ၉ နာရီလောက်ကနေ စပစ်တာပါ။ စစ်ကောင်စီကရည်ရွယ်ပြီး ပစ်တာပါ။ စစ်ဘေးရှောင်စခန်းကလည်း မိုးဗြဲမြို့နဲ့မဝေးတော့ သူတို့နေရာတွေအကုန်သိပါတယ်။ နောက်ထပ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်မှုမရှိဘူး အိမ်တွေတော့ထိတယ် ” ဟု မိုးဗြဲPDF ရွှေလင်းယုန်တပ်ခွဲ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါစစ်ရှောင်စခန်းနေရာသို့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်တဲအချို့ပျက်စီးခဲ့ရကြောင်း သိရသည်။

” စစ်ရှောင်စခန်းက လူဦးရေတော့ အတည်မပြုနိင်ဘူးပေါ့ ။ အရင်ကရှောင်တာတွေရှိသလို ဒီရက်ပိုင်းမှာ ရှောင်လာတာကလည်း အရမ်းများပါတယ်။ တိုက်ခိုက်ခံရတာကြောင့် ပြောင်းသွားတဲ့လူတွေရှိတယ်။ အများဖြင့်တော့ အဲ့နေရာမှာပဲ ဆက်နေကြတယ်။ ထပ်ရှောင်စရာနေရာလည်းမရှိတော့ဘူးလေ” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်ကောင်စီမှ မိုးဗြဲမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးမှုများပြုလုပ်နေသည့်အတွက် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး လက်ရှိတွင်လည်း စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် ပြည်သူများ အနေဖြင့် မိုးဗြဲ-ပီကင်း လမ်းမကြီးကို အသုံးမပြုကြရန်လည်း မိုးဗြဲ PDF-ရွှေလင်းယုန်တပ်ခွဲမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#မိုးဗြဲ #စစ်ရှောင်စခန်း #လေကြောင်းတိုက်ခိုက်မှု #Ayeyarwaddy_Times