ဧရာ၀တီတိုင်းမ်
ဇွန်လ ၁၆ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာပို့သည့် ယာဉ်တန်းအား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ယာဉ်ကို ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ နေလယ် ၁၂ နာရီခန့်က အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်း သိရသည်။

စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ပါယာဉ်သည် ကပစ ၂၄ အတွက် ရိက္ခာပို့ယာဉ် ၁၂ စီးကို လုံခြုံရေး‌ပေးရန် ပခုက္ကူ – မင်းတပ်လမ်းပိုင်းတွင် ရေပြာကျေးရွာဘက်မှ ကမ္မမြို့ဘက်သို့ လက်နက်ငယ်များဖြင့် ပစ်ဖောက် ဝင်ရောက်လာစဉ် အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပေပါပဒေသာမိုင်း ငါး လုံး၊ ငါးဂါလံပုံးပဒေသာမိုင်း နှစ် လုံး၊ ရှေ့ထွက်ပဒေသာမိုင်း နှစ် လုံး၊ စလစ်အိုးပဒေသာမိုင်း နှစ် လုံးတို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မိုင်းဆွဲတဲ့အသံက တော်တော်ကျယ်တယ်။ ပွိုင့်ကားက လမ်းဘေးကို သေနတ် တွေနဲ့ လျှောက်ပစ်ပြီးလာတာကို မိုင်းဆွဲခံလိုက်ရတာ။ အထိအခိုက်တော့ တော်တော်များတယ် ကြားတယ်။ အဲဒီကားလည်း တော်တော်စုတ်ပြတ်သွားလို့ ရေပြာရွာဘက်ကို တခြားယာဉ်တစ်စီးနဲ့ ဆွဲသွားတယ်။ မိုင်းဆွဲခံရလို့ စစ်သားတွေ သွေးရူးသွေးတန်းနဲ့ လျှောက်ပစ်တာတော့ ရှိတယ်” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားခဲ့သည်။

ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် အဖြူရောင်ဖောကားမှာ တာယာများ၊ ဆီတိုင်ကီများ ပွင့်ထွက်ပေါက်ထွက်ပြီး ချက်ချင်းထိုးရပ်သွားကာ အထိအခိုက်များသည့်အတွက် ထိုနေရာတွင်ပင် အရေးပေါ် ကုသမှုများဆောင်ရွက်ခဲ့ပြီး အဆိုပါကားကို ရေပြာ ကျေးရွာဘက်သို့ အခြားယာဉ်ဖြင့် ဆွဲယူသွားကြောင်း WPF ကထုတ်ပြန်ထား သည်။

ယခုတိုက်ခိုက်မှုကို ဗိုလ်လရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယမ်းနှင့်ဆက်စပ် ပစ္စည်းပံ့ပို့မှု၊ ပခုက္ကူနှင့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ Successful Force – Pauk တို့နှင့် ပူးပေါင်းဖော်ဆောင်ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

Photo and Video – အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ပေါက်မြို့ #လက်နက်စက်ရုံရိက္ခာပို့ယာဉ်တန်း #လုံခြုံရေးယာဉ် #မိုင်းဆွဲခံရ #စစ်ကောင်စီတပ်သား # သေဆုံးဒဏ်ရာရမှုများပြား #Ayeyarwaddy_Times