ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၁၆ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ကာကင်းစခန်းနှင့် ပျူစောထီးတို့၏ ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် နံနက် ၅ နာရီခန့်အချိန်ကအဆိုပါကာကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းကို စွန့်ခွာထွက်ပြေးသွားသဖြင့် စခန်းအတွင်းရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စကားပြောစက်နှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေး(ပကဖ) အဖွဲ့ ထံမှသိရသည်။

“သူတို့ တပ်စွဲထားတာက သရက်ချောင်း မြို့ရဲ့ အရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာပါ။အဲဒီ မှာ ကျနော်တို့ PDF ပူးပေါင်းတပ်တွေက ဝင်ရောင်စီးနင်း ပြီး မီးရှို့ ဖျက်ဆီး ခဲ့တာ “ဟု ဒေါင်းမင်းစစ်ဆင်ရေး မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ) အဖွဲ့ဝင် တပ်ဖွဲ့များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ၊ ထားဝယ်နဂါးတပ်ခွဲ ၂ ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ(၁၀)ရွာကျော်မှ ဒေသခံများ(၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တိမ်းရှောင်နေရသည့်ရွာများမှာ မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာနှင့် ကနက်သီရိရွာတို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပု–၊သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#သရက်ချောင်း တပ်စွဲထားသည့် #စစ်ကောင်စီတပ်ကင်းစခန်း #တိုက်ခိုက်သိမ်းပိုက် ပြီး မီးရှို့ ဖျက်ဆီး
#Ayeyarwaddy_Times