ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်

စိုက်ပျိုးရေးရာသီရောက်ချိန်တွင် ငွေကြေးအရင်းအနှီးလိုအပ်သော တောင်သူများကို စစ်ကောင်စီကစိုက်ပျိုးရေးနှစ်ဆင့်ချေးငွေ ထုတ်ချေးနေသော်လည်း တောင်သူများ သတင်းအချက်အလက်မသိရှိရကြောင်း လယ်သမားများက ပြောကြားသည်။

တောင်သူများစိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် နှစ်ဆင့်ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန်လပထအပတ်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

” နှစ်ဆင့်ချေးငွေရှိတာမသိဘူး။ အဲဒီလိုချေးပေးမယ်ဆိုရင် အဆင်ပြေလိမ့်မယ်ထင်တယ်” ဟု ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က လယ်သမားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီပေးသည့် လယ်ဧက တစ်ဧကစာအတွက် ဘဏ်ချေးငွေ ကျပ်တစ်သိန်းခွဲရသော်လည်း လုံလောက်မှုမရှိသဖြင့် ပြင်ပချေးငွေယူရပြီး လယ်ထွန်စက်များ၊ သီးနှံရိတ်သိမ်းစက်၊ ခြွေလှေ့စက်များကို ငှားယူသုံးစွဲနေရကြောင်းလည်း လယ်သမားများက ပြောသည်။

“လယ်သမားတွေကို ငွေလုံလုံလောက်လောက်ချေးပြီး အစိုးရအတိုးနှုန်းနဲ့ ပေးမယ်ဆိုရင်တော့ လယ်သမားတွေဖို့ကျန်တယ်။ အစိုးရပေးတဲ့ပိုက်ဆံမလုံလောက်လို့ အပြင်ပေးတဲ့ ပိုက်ဆံယူပြီတော့လုပ်ရတယ်။ လယ်သမားတွေမှာမကျန်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါနှစ်ဆင့်ချေးငွေအကြောင်း သတင်းကြားသော်လည်း မည်သို့ချေးငှားမည်ကိုမသိရသေးဘဲ ကျေးရွာလူကြီး၏ ပြောကြားမှုကိုစောင့်နေကြောင်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ လယ်စိုက်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နွေစပါးစိုက်ပျိုးရာသီတွင်လည်း တောင်သူများထံ သတင်းစီးဆင်းမှုနောက်ကျကာ စပါးသီးချိန်ရောက်မှ ပုလဲမြေဩဇာတစ်အိတ်လေးသောင်းခွဲဖြင့် စစ်ကောင်စီက ရောင်းမည့်အကြောင်းသိရကြောင်း ၎င်းက ဆိုသည်။

အရင်းအနှီးလိုအပ်သော တောင်သူများအနေဖြင့် တစ်ဦးချင်းချေးယူလိုပါက အများဆုံး ကျပ် သိန်း ၇၀၀ နှင့် တောင်သူအစုအဖွဲ့အလိုက်ချေးယူပါက အများဆုံး ကျပ်သိန်း ၅၀၀၀ အထိချေးငွေထုတ်ယူနိုင်သော်လည်း အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များရှိကြောင်း ကြေညာချက်တွင်ပါဝင်သည်။

အဆိုပါချေးငွေဖြင့် ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်စက်များအပါအဝင် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းမွမ်းမံခြင်း များကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ ချေးငွေအတွက် ပြန်ဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်များအတွက် အချိန်ကာလ သုံးနှစ်နှင့် သုံး ရစ်ကျ ပြန်ဆပ်ရမည် ဖြစ်ကာ အဆိုပါစက်များမှလွဲ၍ ကျန်စက်ကိရိယာများကို ငါး နှစ်နှင့် ငါး ရစ်ကျပေးဆပ်ရမည့်စနစ်ဖြစ်ကြောင်းသိရသည်။

ချေးငွေရယူနိုင်ရေးအတွက် လိုအပ်သောအချက်အလက်များ သိရရှိနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ( ရုံးချုပ်) သို့ဆက်သွယ်ရာတွင်ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ နှစ်ဆင့်ချေးငွေစီမံကိန်းသည် JICA အကူအညီဖြင့် ၂၀၁၇ ခုနစ်မှ စတင်ခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ယက်စာမျက်နှာ
#စိုက်ပျိုးရေး #နှစ်ဆင့်ချေးငွေ #တောင်သူများ #သတင်းအချက်အလက်မရ #Ayeyarwaddy_Times