ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

လက်ရှိစပါးဈေးမြင့်တက်နေချိန်တွင် စပါးစိုက်တောင်သူဦးကြီးများအကျိုးခံစားခွင့်မရဘဲကုန်သည်ပွဲစားများ အကျိုးအမြတ်ရနေကြောင်း များက ပြောသည်။

နွေစပါးပေါ်ချိန်သင်္ကြန်အပြီးနောက်ပိုင်းတွင်စပါးဈေးနှုန်းများမြင့်တက်နေသော်လည်း လယ်သမားများ လက်ထဲတွင်စပါးမရှိသဖြင့် အကျိုးခံစားခွင့်မရကြောင်း တောင်သူလယ်သမားများက‌ တစ်သံတည်းထွက်ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းမှ ၁၄ သိန်းကြားရောင်းရပြီး ယခုချိန်တွင် ဆန်ကြမ်းစပါး တင်းတစ်ရာ လျှင် ကျပ်၁၉ သိန်းပေါက်ဈေးရှိပြီး ဆန်ချောစပါးတင်း တစ်ရာလျှင် ကျပ် ၂၅ သိန်းမှ ၂၈ သိန်းအထိ ရှိနေကြောင်း စျေးကွက်ပေါက်စျေးများအရ သိရသည်။

“လယ်သမားတွေကစပါးမလှောင်နိုင်ဘူး။ မိုးစပါးနည်းနည်းချန်ထားပြီး စပါးအကုန်ရောင်းရတယ်။ လယ်သမားတွေစပါးမလှောင်နိုင်တော့။ ကုန်သည်တွေလှောင်ထားတဲ့သူကြအကျိုးအမြတ်ရှိတာပေါ့” ဟု သာပေါင်းမြို့နယ် ဆီဆုံကျေးရွာမှ ဧက ၂၀ စိုက်သူ လယ်သမားတစ်ဦးက ဆိုသည်။

တောင်သူလက်ထဲစပါးမရှိသည့်အချိန်တွင် စပါးဈေးတက်လေ့ရှိပြီး လယ်သမားလက်ထဲတွင် စပါးရှိနေပါကဈေးကောင်းမရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စပါးစိုက်ပျိုးချိန်တွင်အသုံးပြုရသည့်သွင်းအားစုများက ယခင်ဈေးများထက် လေးဆနီးပါးဈေးတက်သွားသဖြင့် ကုန်ကျစရိတ်များပိုများကာ စပါးပေါ်သည့်နှင့်တစ်ပြိုင်နက် သွင်းအားစုများအတွက် အကြွေးဆပ်ရကြောင်း လှည်းကူးမြို့နယ်ရှိ လယ် ၁၅ ‌ဧကစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောကြားသည်။

လယ်သမားများကထွက်ရှိလာသောစပါးကိုမသိုလှောင်နိုင်ဘဲ ကုန်သည်များက သိုလှောင်နိုင်သောကြောင့် အကျိုးအမြတ်ရရှိနေသည့်ကွာခြားမှုဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။

“ ကျွန်တော်တို့တောင်သူတွေက ရိတ်ပြီးရင်လက်ထဲစပါးမရှိတော့ဘူး။ အကြွေးဆပ်ရမှာမလို့ အကုန်ရောင်းကြရတဲ့သူတွေ နွေစပါးက အခုချိန်တောင်သူဆီမှာမရှိတော့ဘူးလေ။ မရှိတော့လို စပါးဈေးကောင်းနေတာ။ သူတို့ ကောင်းလည်း တောင်သူဆီမှာမရှိတော့ဘူး။ မရှိမှန်းသိလို့လည်းဈေးအော်နေတာ” ဟု ၎င်း က ဆိုသည်။

ပြီးခဲ့သည့်‌နွေစပါးစိုက်ရာသီတွင် လယ်ဧက ၁၅ ဧကအတွက် ကျပ် သိန်းတစ်ရာ ကုန်ကျစရိတ်ရှိပြီး စပါးတင်း ၁၃၀၀ ကျော်ထွက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အခုစပါးမရှိတဲ့အချိန်ဆို ဈေးတက်တယ်။ စပါးရှိတဲ့အချိန်ဆိုဈေးက အဲဒီလောက်မရှိဘူး။ စပါးတွေ လယ်သမား လက်ထဲမှာဈေးမရှိဘူးဆိုရင် ဈေးတက်တော့တာပဲ။ ရှိတာတွေလည်းရောင်းချပြီးတော့ စပါးမရှိတော့ဘူးဆိုမှ အဲဒီတော့မှဈေးကတက်လာတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းပြင် နွေစပါးစိုက်ချိန်တွင် စပါးခင်းရောဂါပိုးကျရောက်ခြင်း နှင့် လုံလောက်စွာစိုက်ပျိုးရေမရသဖြင့် စပါးအထွက်နှုန်းလျော့သည့်လယ်ပိုင်ရှင်များအပါအဝင် ရေတင်စိုက်ပျိုးသည့်တောင်သူများအရှုံးပေါ်ကြောင်းသိရသည်။

ဓာတ်ပုံ – လယ်သမားတစ်ဦး
#စပါးဈေးတက် #လယ်သမားများ #အကျိုးခံစားခွင့်မရ #Ayeyarwaddy_Times