ဧရာဝတီတိုင်းမ်
ဇွန်လ ၁၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ မြို့ပေါ် ရပ်ကွက်များက အဆောင်နဲ့အိမ်ဌားထားတဲ ပိုင်ရှင်များကိုနောက်ထပ်အိမ်ဌားအသစ်များလက်မခံဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဇွန်အစပိုင်းမှာ လိုက်လံ ပြောဆိုနေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်အတွင်းက အဆောင်၊ အိမ်ဌား နေထိုင်သူများကို မှတ်ပုံတင်မိတ္တူ တစ်စောင်နဲ့ဓါတ်ပုံတစ်ပုံ သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုပေးပို့ဖို့နဲ့ ခရီးသွားပါက အကြောင်းကြားကြဖို့ လိုက်ပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူသစ်တွေလာဌားရင်လက်မခံဖို့နဲ့ လက်ရှိနေတဲ့လူတွေရဲ့အချက်အလက်တွေ ရုံးကိုပေးထားဖို့ လိုက်ပြောနေတယ်။ညဘက်ဧည့်စာရင်းစစ်ရင်အဆောင်နဲ့ အိမ်ဌားနေတဲ့သူတွေကိုအဓိကထားစစ်တယ်”လို့ ပုသိမ်မြို့ခံတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်များမှာ ပုသိမ်မြို့ကို KNU နယ်မြေကနေသင်တန်းဆင်းလာတဲ့ PDF နှစ်ဦးရောက်ရှိနေတယ်လို့ သတင်းများ ရေးသားပြီးနောက်ပိုင်းခုလို တင်းကြပ်လာတာလို့ မြို့ခံတွေကသုံးသပ်ပါတယ်။
ပုသိမ်မြို့နယ်မှာ ဇွန်လအစပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ စရဖ၊ သတင်းတပ်ဖွဲ့များက နယ်မြေအတွင်း လိုက်လံစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီးလက်ရှိအချိန်ထိ စွပ်စွဲဖမ်းဆီးထားသူ ၁၀ ဦးနီးပါးရှိနေပြီလို့သိရပါတယ်။
ပုသိမ်မြို့မှာ ရပ်ကွက်တိုင်းညစဥ် ဧည့်စာရင်းစစ်နေပြီး ယခင်ဆန္ဒပြပွဲများတွင်ပါ၀င်ခဲ့သူများ၊ CDM၀န်ထမ်းများကို ပြန်လည် ဖမ်းဆီးစစ်ဆေးတာတွေပြန်လည်ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဓာတ်ပုံ – ပုံဟောင်း
#ပုသိမ် #PDFများရောက်ရှိ #သတင်းထွက် #အိမ်ဌားအသစ်လက်မခံဖို့ #စစ်ကောင်စီသတိပေး
#Ayeyarwaddy_Times